April 29, 2024

၂၉. ၃. ၂၀၂၄
Written by Thettant

သန့်ဇင် အူအတက်ပေါက်သွားလို့ One Friday Fights 57 ရဲ့ ဒုခေါင်ပွဲထိုးသတ်ရမဲ့ အခွင့်အလမ်းကောင်း လွတ်သွားပေမဲ့ ဝမ်ချိုင်းရဲ့တပည့်မိုးထက်အောင်ကတော့ သူ့အတွက် One Fight အဖွင့်ပွဲကို မာကျောလွန်းလှတဲ့ ဂျပန်ဖိုက်တာမာရူယာမကို တတိယအချီမှာ အလဲထိုးပြီး ဘတ် ၃၅၀၀၀၀ (သိန်း ၃၅၀ ကျော်) ဆုကြေးပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မိုးထက်အောင်ထက် ငါးလက်မလောက်မြင့်တဲ့ ဂျပန်ဖိုက်တာမာရူယာမဟာ မိုးထက်အောင်ကို အတင်းဝင်ပူးပြီး ချုပ်ဒူးတွေ၊ ဒူးပျံတွေ၊ တံတောင်တွေနဲ့ဆက်တိုက် တိုက်စစ်ဖွင့်တာကြောင့် မိုးထက်အောင်ပထမအချီတင်  မျက်နှာကို ဒူးပျံထိပြီး အမှတ်စဥ်ရေခံရပါတယ်။ ဒုတိယအချီမှာလည်း ဂျပန်ဖိုက်တာကပဲတစ်ချိန်လုံးခေါင်းကိုနှိမ်ပြီး ဒူးတွေချည်းတိုက်နေလို့ မိုးထက်အောင်အဖို့ အခက်ကြုံခဲ့ရသလို မလိုအပ်ဘဲ မာဂုဏ်ပြအထိုးခံနေတာကလည်း အမှတ်လျော့စေခဲ့ပါတယ်။

ဒါပေမဲ့လည်း မိုးထက်အောင်ရဲ့ ဘယ်ညာလက်သီးတွဲလုံးတွေ Body Shot တွေ ကိုင်ပေါက်ချက်တွေကလည်း မာရူယာမအထိနာပါတယ်။ ဒါပေမဲ့လည်း ဂျပန်ဖိုက်တာဟာ ထင်တာထက်ကိုမာနေတာပါ။ မိုးထက်အောင်ဘယ်လိုထိုးထိုး ဆာမူရိုင်းသွေးနဲ့ကို ဖွင့်ထိုးပြီး သူကချည်းတိုက်စစ်ဦးဆောင်နေတာပါ။

တတိယအချီမှာလည်း ဂျပန်ဖိုက်တာက အတင်းအဓမ္မတိုက်စစ်ဖွင့်နေလို့ မိုးထက်အောင် ထိုးရခက်နေပေမဲ့ နှစ်မိနစ်အကျော်မှာ မိုးထက်အောင်က မာရူယာမကို စင်ထောင့်ပိတ်ပြီး ဘယ်ညာလက်သီးတွဲလုံးတွေကို ငါးလုံးထက်မနည်း အားပါးတရပစ်ထိုးပြီး လျှပ်စီးလိုမြန်တဲ့ ညာလက်သီးချက်တွေက မာရူယာမမေးရိုးကို မိတ်ဆက်လိုက်ချိန်မှာတော့ ဂျပန်ဖိုက်တာ မမာနိုင်တော့ဘဲ မူးဝေလဲကျသွားတာ အမှတ်စဥ်ရေပြီးတာတောင် ပြန်မထနိုင်တော့လို့ ထမ်းစင်နဲ့ထုတ်သွားရတဲ့အထိ အခြေအနေဆိုးခဲ့သလို မိုးထက်အောင်ကလည်း အဖွင့်ပွဲမှာ ဘတ် ၃၅၀၀၀၀ ရယူပြီး ထိုင်းပရိသတ်တွေရဲ့ အသည်းကိုဆွဲလှုပ်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *