April 29, 2024

၂၉. ၃. ၂၀၂၄
Writer & Photo Ye Kyaw

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်သည် ရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့ရှိ နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်သို့ ယနေ့ နံနက်ပိုင်းတွင် သွားရောက်လေ့လာခဲ့ပြီး မြန်မာကျောင်းသားများ အဆိုပါတက္ကသိုလ်တွင် တက်ရောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော် ဦးဆောင်သည့်အဖွဲ့သည် နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ Anatoly Andreevich ဦးဆောင်သည့်အဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ၆၁ ခုမှ ကျောင်းသား/ကျောင်းသူများ နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်တွင် သွားရောက် ပညာသင်ကြားနိုင်ရေးအတွက်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်.

“ပါမောက္ခကြီး ပြောသွားတဲ့ Medical science ဆိုတာ အင်မတန်အရေးကြီးတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ Medical Science နဲ့ ပတ်သက်ရင် တကယ့် invent (တီထွင်မှု) ဖြစ်တဲ့အပိုင်းမှာ ကျွန်တော်တို့အနေနဲ့လည်း အားနည်းနေပါသေးတယ်။ ဒါကြောင့်မို ဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျောင်းသူ/ကျောင်းသားတွေကိုလည်း ဒီတက္ကသိုလ်မှာ ပညာသင်ကြားဖို့မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာမျိုးသိမ်းကျော်က ပြောကြားသည်။

အဆိုပါ နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူ ၁၃,၀၀၀ ရှိပြီး ပြည်ပကျောင်းသား ၂၀၀၀ ရှိကြောင်း၊ ယင်းအနက် လက်ရှိတွင် မြန်မာနိုင်ငံမှ Master တန်း တက်ရောက်နေသူ ကျောင်းသားဦးရေ ၅ ဦးရှိကြောင်း သိရသည်။

အဆိုပါ နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်တွင် Master တန်းနှင့် Ph. D တန်းခွဲများကို တက်ရောက်နိုင်ပြီး Master တန်း တက်ရောက်သူများအနေဖြင့် နှစ်နှစ်တက်ရောက်ရကာ Ph. D တန်း တက်ရောက်သူများအနေဖြင့် အနည်းဆုံး လေးနှစ်မှ ခြောက်နှစ်အထိ တက်ရောက်ရကြောင်း၊ Master တန်းတွင် နှစ်နှစ်အတွင်း သင်တန်းပြီးအောင် ဆောင်ရွက်ရပြီး မအောင်မြင်ပါက စာသင်နှစ်ထပ်မံတိုး၍မရသော်လည်း Ph. D တန်းများမှာမူ စာသင်နှစ်ထပ်မံတိုး၍ရကြောင်း နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့် မြန်မာကျောင်းသားတစ်ဦးက ပြောသည်။

“ဒီမှာ ကျောင်းလာတက်မယ်ဆိုရင်တော့ အဓိက ဘာသာစကား၊ ရုရှားဘာသာစကားပေါ့။ အဲဒါကို တစ်ခါတည်းလုပ်ထားရင် အဆင်ပြေတယ်။ ပြီးတော့ ရာသီဥတု။ နိုဗိုစီဗစ်က ရုရှားနိုင်ငံမှာရှိတဲ့ အခြားမြို့တွေထက် ပိုအေးတော့ ရာသီဥတုဒဏ်တော့ နည်းနည်းခံရတယ်” ဟု နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့် မြန်မာကျောင်းသားတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာမျိုးသိမ်းကျော်သည် နိုဗိုစီဗစ်နည်းပညာတက္ကသိုလ်အတွင်းရှိ Rosatom Informational Center သို့ သွားရောက်လေ့လာခဲ့ပြီး Medicinal Science ပညာရပ်ဆိုင်ရာ ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News