April 29, 2024

၂၇.၃.၂၀၂၄
Written by Hey Mar

မြန်မာနိုင်ငံမှာ မုတ်သုံ စတင်ဝင်ရောက်ချိန်က ဧပြီလကုန်ပိုင်းနဲ့မေလဆန်းတွေဖြစ်လေ့ရှိပြီး မုတ်သုံလေက လေဖိအားနည်းရပ်ဝန်းတွေကနေ ဖြတ်သန်းလာရတာကြောင့် တိုက်လေတွေ အားပျော့ကာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာပြီး လေထုမငြိမ်မသက်မှုဖြစ်စဉ်တွေနဲ့ နေ့အပူချိန်လျော့ကျခြင်း မရှိတဲ့ အခြေအနေတွေကြောင့် ရွာချိန်တိုတောင်းတဲ့ ထစ်ချုန်းမိုးရွာသွန်းမှုဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်သလို မိုးရွာချိန် လေပြင်းတိုက်တတ်ပြီး တစ်ခါတစ်ရံ တစ်နာရီ မိုင် ၄၀-၅၀ အထိပင်ရှိနိုင်ကာ မိုးတိမ်တောင်ဖြစ်စဉ်တွေ ၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ထစ်ချုန်းရွာသွန်းခြင်းနဲ့ မိုးသီးကြွေခြင်းတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာသူ ထံမှသိရပါတယ်။

အမြင့်ပေ ၅၀၀၀၊ အမြင့်ပေ ၂၀,၀၀၀ နဲ့ အမြင့်ပေ ၂၅,၀၀၀ ကနေ အမြင့်ပေ ၄၀,၀၀၀ နီးပါးအထိ တိမ်အလွှာ ၃ လွှာ ဖုံးနေပြီး အဲဒီတိမ်လွှာတွေက အမြင့်ပေ ၂၅,၀၀၀ အထက်မှာ အနောက်ဘက်က လေတိုက်နှုန်း တစ်နာရီမိုင် ၇၀ ကျော်တိုက်နေတာကြောင့် အရှေ့ဘက်ကို ရွေ့သွားပြီး အမြင့်ပေ ၃ သောင်းအထက်မှသာ အပူချိန်ငွေ့ရည်ဖွဲ့အမှတ်တွေတူညီနေပေမယ့် အပူချိန်က အနှုတ် ၃၄ °C အထိ ကျဆင်းနေတာကြောင့် မိုးရည်စက်တွေအဖြစ်ပြောင်းလဲမသွားနိုင်ဘဲ မိုးရည်စက်တွေအဖြစ်မရွာနိုင်တာဖြစ်တယ်လို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုပါတယ်။

ဦးဝင်းနိုင်က “အမြင့်ပေ ၃ သောင်းအထက်မှာ အနှုတ် ၃၄ °C အထိ ကျဆင်းနေတဲ့ အပူချိန်မှာ အဲ့ဒီအမြင့်တိမ်လွှာထဲက ရေခိုးရေငွေ့တွေက အေးခဲနေမှာပါဘဲ။ အပူချိန်-ငွေ့ရည်ဖွဲ့အမှတ် အနှုတ် ၃၄ °C မှာ တူညီနေကြချိန် အရည်အဖြစ်တဖြည်းဖြည်းပျော်ပြီး အောက်ဘက်ကို ကျလာရင်း မြေပြင်ကို မိုးသီးအဖြစ်ရောက်ရှိလာတာပါဘဲ။ မူလအစိုင်အခဲ(ရေခဲ)အရွယ်ကြီးမားတော့ မြေပြင်ကိုကျဆင်းရင်း လျော့ကျတဲ့ ပမာဏလည်း သိပ်မများဘဲ အရွယ်အစားကြီးတဲ့ မိုးသီးတွေအဖြစ် ကျဆင်းလာတာပါပဲ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာတော့ မိုးသီးမုန်တိုင်းအန္တရာယ် ကြိုတင်သတိပေးတာတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ မလုပ်နိုင်သေးပါဘူး။ နောက်ပြီး မုတ်သုံဝင်ဖို့ အ‌ခြေအနေက စောသေးတယ်ဗျ။ ဒီလိုအဖြစ်အပျက်မျိုးက ထပ်ဖြစ်နိုင်သေးတယ်” လို့ MT News ကိုပြောပါတယ် ။

မိုးသီးအန္တရာယ်ဟာ ကြောက်စရာကောင်းတဲ့ ထူးခြားတဲ့ သဘာဝဖြစ်ရပ်တစ်မျိုးဖြစ်ပြီး အသက်၊ အိုး၊ အိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်ဖျက်ဆီးတတ်ပါတယ် ။ ဥပမာ ၁၈၈၈ ခုနှစ်က အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ မိုရာဒါဘတ်ဒေသမှာ လူပေါင်း ၂၄၆ ဦး မိုးသီးကြွေမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသလို မြန်မာနိုင်ငံမှာလည်း ဧပြီလကုန် မေလဆန်းပိုင်းတွေမှာ နေရာအနှံ့ အပူလွန်ကဲတာကြောင့် မိုးတိမ်တောင်တွေဖြစ်ပေါ်တတ်ပြီး မိုးသီးကြွေလေ့ရှိပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အဓိကထား လုပ်ကိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် မိုးသီးကြွေခြင်း၊ မိုးသီးမုန်တိုင်းများ ကျရောက်ကြုံတွေ့ပါက ထိခိုက်ပျက်စီးတတ်တာကြောင့် တောင်သူတွေ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တဲ့ အချိန်ကာလလည်း ဖြစ်တယ်လို့ မိုးလေဝသနဲ့ ရာသီကတုပြောင်းလဲခြင်းဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *