၂၆. ၃. ၂၀၂၄
Translated by Htwe Ko Tun

သုံးနှစ်‌ကြာခန့်မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများဖြစ်ပွားနေသော မြန်မာနိုင်ငံအတွင်း ညှိနှိုင်းဆွေးနွေးမှုများဖြစ်ပေါ်လာစေရန်အတွက် ဆောင်ရွက်ပေးရန်ရည်ရွယ်သည့် လူလူချင်းစာနာထောက်ထားမှုစီမံချက်အရ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အထောက်အပံ့များပေးပို့မှုကို ထိုင်းအေဂျင်စီများက မတ်လ ၂၅ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အထောက်အပံ့ပစ္စည်းများ၏ ပထမအသုတ်တွင် လူ ၂၀,၀၀၀ စာအတွက် ဆန်၊ ကြာရှည်ခံအစားအစာခြောက်နှင့်အခြားလိုအပ်သောပစ္စည်းများပါဝင်သည့် အိတ်ပေါင်း ၄,၀၀၀ ကို ထိုင်းကြက်ခြေနီအဖွဲ့က မြန်မာကြက်ခြေနီအဖွဲ့သို့ မဲဆောက် -မြဝတီနယ်စပ်ဖြတ်ကျော်ဂိတ်တွင် လွှဲပြောင်းပေးသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထိုသို့အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးပို့မှုက အာဆီယံအဖွဲ့ကလည်း ထောက်ခံသည့် ထိုင်းနိုင်ငံကဆောင်ရွက်နေသော ကျယ်ပြန့်သောငြိမ်းချမ်းရေးရရှိစေရေးစီမံချက်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ကာ နှစ်နိုင်ငံအကြား လူသားချင်းစာနာမှုစင်္ကြံတစ်ရပ်ကို ထူထောင်သွားမည်လည်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံအတွင်းတိုက်ပွဲများကြောင့် အနည်းဆုံး ပြည်သူ ၂ ဒသမ ၆ သန်း ထွက်ပြေး တိမ်းရှောင်မှုများပြုနေရပြီး လူ ၁၈ သန်းကျော်မှာ အကူအညီများလိုအပ်နေကြောင်း ပြောခဲ့သည်။

ထိုင်းအစိုးရက မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုများကို ထိန်းချုပ်ရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်သွားရန် ၎င်းအနေဖြင့် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ ထိုင်းအစိုးရ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကတ်ကိုးက ဤကဲ့သို့ အထောက်အပံ့ပစ္စည်းများပေးပို့မှုက ထိုင်းနိုင်ငံနှင့် ပြည်သူများက မြန်မာပြည်သူများအရေးကို အလေးထားလျက်ရှိသည်ကို ပြသခြင်းလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ညီညွတ်မှုတို့ရရှိစေရန် ထိုင်းပြည်သူတို့က မျှော်လင့်နေကြောင်းပြောခဲ့သည်။

အထောက်အပံ့ပစ္စည်းများကို မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း နေရာသုံးနေရာသို့ ရှေးဦးဖြန့်ချိသွားမည်ဟု အာဆီယံလူသားချင်းစာနာထောက်ထားမှုနှင့်ဘေးဒုက္ခဆိုင်ရာအေဂျင်စီကပြောခဲ့သည်။ ဒုတိယဝန်ကြီး ဆီဟာဆက်က ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရေးထောက်ခံသွားရန်အဆင်သင့်ဖြစ်ကြောင်းနှင့် လူသားချင်းစာနာမှု အထောက်အပံ့များကိုလည်း အခြားနယ်မြေများသို့ ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News