MT News
၂၆. ၃. ၂၀၂၄

မြို့ကြီးငါးမြို့ရှိ တက္ကသိုလ်များတွင် ယခုလာမည့် ပညာသင်နှစ်မှစတင်ကာ အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။

လက်ရှိကာလတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် နှစ်ခုတွင်သာ အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ ဖွင့်လှစ်နိုင်သဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်မည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်ကာ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေး တက္ကသိုလ်တို့တွင် ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားကြောင်းလည်း ဒေါက်တာဇော်မြင့်က ပြောကြားသည်။

ထိုသို့ တက္ကသိုလ်များရှိ အင်္ဂလိပ်စာအထူးပြုဘွဲ့လွန် သင်တန်းများ သင်ကြားကြီးကြပ်ရန် ပါမောက္ခများ၊ ပါရဂူဘွဲ့ရများ လိုအပ်သော်လည်း နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် အင်္ဂလိပ်စာပါရဂူ ဘွဲ့ရဆရာဦးရေ ၂၀ သာရှိကြောင်း၊ အရေအတွက်နှင့် လိုက်လျောညီထွေစွာ အရည်အသွေးရှိသော ပါရဂူဘွဲ့ရ ပညာတတ်များ ပေါ်ထွန်းစေရေးအတွက် အင်္ဂလိပ်စာ ပါရဂူကျမ်းကြီးကြပ်ရေးကော်မတီနှင့် ဘာသာရပ်သင်ကြားရေးအဖွဲ့တို့က ကြီးကြပ်ပေးရန်လည်း ညှိနှိုင်းစီစဉ်ပြီးဖြစ်ကြောင်း၊ အင်္ဂလိပ်စာပါရဂူဘွဲ့ရ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များကလည်း အားဖြည့် စောင့်ရှောက်ပေးစေလိုကြောင်း ဒေါက်တာဇော်မြင့်က မှာကြားသည်။

ပုံစာ။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာပါမောက္ခ၊ တွဲဖက်ပါမောက္ခများ ယမန်နေ့က အွန်လိုင်းမှတွေ့ဆုံဆွေးနွေးမှုမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *

Related News