၂၆. ၃. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံက ကာရာအိုကေခန်းတစ်ခုမှာ မိုက်ကရိုဖုန်းလုရင်း စကားများရန်ဖြစ်ရာကနေ အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ သူရဲ့ သူငယ်ချင်းဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ငါးနှစ်က ဖြစ်ပွားခဲ့ပြီး အဆိုပါ အမှုနဲ့ပတ်သက်လို့ ဂျိုဟိုဘာရူရှိ အထက်တရားရုံးက အဲ့ဒီအမျိုးသားဟာ သတ်ဖြတ်ခဲ့တာမှန်ကန်ကြောင်း အပြစ်တွေ့ရှိပြီးနောက် ထောင်ဒဏ်အနှစ် ၃၀ နဲ့ ကြိမ်ဒဏ် ၁၂ ချက် ချမှတ်ခဲ့တယ်လို့ မလေးရှားအခြေစိုက် သတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ကြတဲ့ အောင်ဇော်ဝင်းနဲ့ မြတ်ဇော်လွင်တို့ သူငယ်ချင်း နှစ်ဦးဟာ ပြီးခဲ့တဲ့ ၅ နှစ်လောက်က မလေးရှားနိုင်ငံက ကာရာအိုကေဆိုင်အတွင်း မိုက်ခရိုဖုန်းလုကြရာက သူတို့နှစ်ဦးကြား အပြင်းအထန် ငြင်းခုန်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ အောင်ဇော်ဝင်းက မီးဖိုချောင်က ဓားတစ်ချောင်းကိုယူကာ မြတ်ဇော်လွင်ကို ဓားနဲ့ အကြိမ်ကြိမ်ထိုးသတ်ခဲ့တာပါ။

အခင်းဖြစ်ပွားပြီးနောက် အလောင်းစစ်ဆေးချက်ရလဒ်အရ ရောဂါဗေဒပညာရှင် ဒေါက်တာ ရိုဟာရု ဆဟာ အဒ်နမ် က သေဆုံးသူဟာ သူ့ရဲ့ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းက ဓားဒဏ်ရာ လေးချက် အပါအဝင် ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက်နဲ့ သေဆုံးခဲ့တာလို့ သက်သေထွက်ဆိုခဲ့ပါတယ်။

တရားခံဟာ ဒေါသစိတ်နဲ့ ရန်ဖြစ်နေချိန် တစ်စုံတစ်ဦးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့အပြင် သူ့ရဲ့လုပ်ရပ်အတွက် နောင်တရကြောင်း တောင်းပန်ခဲ့ပြီး တရားရုံးကို ဒုတိယအခွင့်အရေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တရားခံဟာ အခင်းဖြစ်ပွားချိန်အတွင်း ဒေါသအမျက်ထွက်ကာ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုကို ကြိုတင်ပြင်ဆင်ထားခြင်း ဒါမှမဟုတ် ပြင်းထန်တဲ့ လူသတ်မှုမဟုတ်ကြောင်း တရားရုံးက တာဝန်ရှိသူတွေက ပြောကြားခဲ့သလို “ဒါဟာ ကြီးလေးတဲ့ ပြစ်မှုဖြစ်ပေမယ့် သေဒဏ်ကျခံရလောက်စေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။” လို့ဆိုကာ တရားခံကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *