၂၂.၃.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသ၏ တောင်တန်းများပေါ်တွင် အိန္ဒိယအစိုးရက တည်ဆောက်ခဲ့သော ဥမင်လိုဏ်ခေါင်းတစ်ခုက ယခုအခါတွင် အိန္ဒိယအစိုးရနှင့်တရုတ်အစိုးရတို့အကြား နယ်စပ်အငြင်းပွားမှုပြဿနာ၏ ပေါက်ကွဲလုဆဲနောက် ဆုံးတင်းမာမှုတစ်ရပ်ဖြစ်လာရပြန်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အဆိုပါလိုဏ်ခေါင်းကို ဆီလာလိုဏ်ခေါင်းဟုခေါ်ကြကာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုယ်တိုင် မတ်လဆန်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၃,၀၀၀(၃,၉၀၀ မီ တာ)အမြင့်တွင် ဟိမဝန္တာတောင်တန်းများကိုဖြတ်၍ ဖောက်လုပ်နိုင်ခဲ့သော အိန္ဒိယအင်ဂျင်နီယာများ၏ စွမ်းဆောင်မှုကို ချီးကျူးခဲ့သည်။ ၎င်းက အိန္ဒိယစစ်တပ်အတွက်လည်း များစွာအကျိုးရှိစေခဲ့ကာ တရုတ်နိုင်ငံနှင့် အငြင်းပွားတင်းမာနေရသော နယ်စပ်သို့ ရာသီမရွေးလျင်မြန်စွာဝင်ရောက်နိုင်မည်လည်းဖြစ်သည်။

သို့သော် ၎င်း ဆီလာဥမင်လိုဏ်ခေါင်းဖောက်လုပ်ပြီးစီးမှုကို အိန္ဒိယနှင့် မိုင်ပေါင်း ၂၁၀၀(၃,၃၇၉ ကီလိုမီတာ ထိစပ်နေသောနယ်စပ်နှင့်ပတ်သက်၍ ကာလကြာရှည်တင်းမာမှုဖြစ်နေရသည့်တရုတ်ဘက်မှလည်း အထူးအာရုံစိုက်လာခဲ့သည်။

၎င်းတို့နှစ်နိုင်ငံကြား အဆိုပါနယ်စပ်အငြင်းပွားမှုက ၂၀၂၀ ပြည့်နှစ်တွင်ဆိုလျှင် နယ်စပ်အနောက်ဘက်ပိုင်းရှိ Aksal Chin-Ladakh ဒေသ၌ လက်ချင်းယှက် တိုက်ပွဲများအထိဖြစ်ပွားခဲ့ရရာ အိန္ဒိယစစ်သား ၂၀ ဦးနှင့် တရုတ်ဘက်မှ လေးဦး ကျဆုံးခဲ့ကြသည်။ ဆယ်စုနှစ်များစွာကြာခဲ့သော နယ်စပ်အငြင်းပွားမှုက စစ်ပွဲဆီသို့ပင် ဦးတည်စေခဲ့ခြင်းဖြစ်သည်။

ဆီလာဥမင်လိုဏ်ခေါင်း ဖောက်လုပ်တည်ရှိရာ အိန္ဒိယနိုင်ငံ၏ အရူနာချယ်လ် ပရာဒက်ရှ်ပြည်နယ်ကိုလည်း တရုတ်နိုင်ငံက ၎င်းပိုင်နယ်မြေအဖြစ် ပြောကြားခဲ့သည်။ တရုတ်အရာရှိများကလည်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက လိုဏ်ခေါင်းစီမံကိန်းအတွက် ထိုပြည်နယ်အတွင်း လာရောက်ခဲ့ခြင်းကိုလည်း ဝေဖန်ရှုတ်ချခဲ့ကြပြီး အိန္ဒိယအစိုးရက နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းမှုပျက်ပြားအောင် လုပ်ဆောင်ချက်များ ပြုလုပ်နေသည်ဟု ပြောခဲ့ကြသည်။

အိန္ဒိယအစိုးရကလည်း တရုတ်အနေနှင့် သဘာဝမကျ၊ ဖြစ်နိုင်ခြေမရှိသော တောင်းဆိုမှုများကိုပြုလုပ်နေသည်ဟု မတ်လ ၂၀ ရက်တွင်ပြောကြားခဲ့ပြီး အရူနာချယ်လ် ပရာဒက်ရှ်ပြည်နယ်က အိန္ဒိယနိုင်ငံ၏ တစ်သားတည်းဖြစ်ကာာ ခွဲထွက်မရသောနယ်မြေဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထိုပြည်နယ်နှင့် ပတ်သက်၍ သတင်းစာရှင်းပွဲတစ်ရပ်တွင် မတ်လ ၂၀ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အရူနာချယ်လ် ပရာဒက်ရှ်ပြည်နယ်မှာ အိန္ဒိယနိုင်ငံ၏အချုပ် အခြာအာဏာပိုင်အဖြစ် ထောက်ခံခဲ့ပြီး ကျူးကျော်တိုက်ခိုက်ခြင်း(သို့မဟုတ်)ချင်းနင်းဝင်ရောက်ခြင်းတို့ဖြင် တစ်ဖက်သတ်နယ်မြေတောင်းဆိုမှုများကို ဆန့်ကျင်ကြောင်းပြောခဲ့သည်။

တရုတ်အစိုးရကလည်း ထိုပြောကြားချက်ကို တရုတ်နိုင်ငံအနေနှင့် ရန်စလိုသောအားထုတ်မှုလုံးဝမရှိကြောင်းနှင့် အမေရိကန်အနေဖြင့် အခြားနိုင်ငံများ၏ ပဋိပက္ခများအကြားတွင် ၎င်းအတွက် ပထဝီနိုင်ငံရေးအကျိုးအမြတ်များရစေရန် အခွင့် ကောင်းယူကြိုးပမ်းနေကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် ယခုအခါအငြင်းပွားမှုရှိနေသော နယ်စပ်ဒေသတစ်လျှောက် အိန္ဒိယပိုင်နက်ကို ဖွံ့ဖြိုးတိုးတက်စေရန်စီမံကိန်းများဖော်ဆောင်လျက်ရှိသည်။ တရုတ်အစိုးရကလည်း ထိုဆောင်ရွက်ချက်များအပေါ် အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ နယ်စပ်ဒေသမော်တော်ကားလမ်းများအဖွဲ့က ၂၀၂၃ ခုနှစ်တွင် လမ်းများ၊တံတားများနှင့် လေယာဉ်ကွင်းများကဲ့သို့ စီမံကိန်း ၁၁၈ ခုကို စတင်ဆောင်ရွက်ခဲ့သည့်အနက် ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများဖြစ်နေသော အရူနာချယ်လ် ပရာဒက်ရှ်ပြည်နယ်နှင့် လဒက်ပြည်နယ်တို့အတွင်းဖြစ်ကြသည်။ သို့အတွက်လည်း တရုတ်အစိုးရက အိန္ဒိယအစိုးရအနေဖြင့် နယ်စပ်ပြဿနာကိုရှုပ်ထွေးစေကာ နှစ်နိုင်ငံအကြားနယ်စပ်ဒေသအခြေအနေများ ပျက် ပြားအောင်ပြုလုပ်နေသည်ဟုစွပ်စွဲခဲ့သည်။

သို့သော်လေ့လာသူများကမူ နယ်စပ်ဒေသသို့ တပ်များလျင်မြန်စွာဖြန့်ချနိုင်ရန်အတွက် နယ်စပ်ဒေသများ၏ လမ်းများနှင့် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မှုတွင် တရုတ်နိုင်ငံကို လိုက်မမီသေးဘဲ ယခုအချိန်တွင်မှ ထိုသို့ဆောင်ရွက်ခြင်းက တရုတ်အစိုးရ၏ဆောင်ရွက်ချက်များကိုပင် နှစ်ဆတိုးလာအောင်တွန်းအားပေးသည့်သဖွယ်ရှိစေမည်ဟု ပြောခဲ့ကြသည်။

ဆီလာဥမင်လိုဏ်ခေါင်းဆိုလျှင်လည်း အာသံပြည်နယ်မှ အရူနာချယ်လ် ပရာဒက်ရှ်ပြည်နယ်၏ တာဝမ်နယ်သို့ ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ကာ နှစ်နိုင်ငံကြားထိန်းချုပ်ရေးမျဉ်းတစ်လျှောက် တည်ရှိပြီးဒေသကို အထိအခိုက်မခံသည့်အခြေ အနေကိုလည်း ဖြစ်စေခဲ့သောကြောင့် တရုတ်ဘက်ကလည်း ဤကဲ့သို့ အထူး အလေးထားလာခဲ့ခြင်းဖြစ်သည်။

သို့သော် နှစ်နိုင်ငံစလုံးအနေဖြင့် ၂၀၂၀ ပြည့်နှစ်စစ်ပွဲအပြီးတွင် နယ်စပ်ပြဿနာကိုဖြေရှင်းရန် သံတမန်ရေးနည်းလမ်းများဖြင့်သာကြိုးပမ်းခဲ့ကြသည်ဟု ဆိုနိုင်သည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တောင်အာဖရိကနိုင်ငံတွင်ကျင်းပခဲ့သော BRICS ထိပ်သီးဆွေးနွေးပွဲ၌လည်း မိုဒီနှင့် ရှီကျင့်ဖိန် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံကြကာ တင်းမာမှုများလျော့ကျစေရန် ဆောင်ရွက်ရေးသဘောတူခဲ့ကြသည်။ နှစ်နိုင်ငံစစ်တပ်များအကြား နယ်စပ်ဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိရာ ဖေဖော် ဝါရီလအတွင်းက နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဆက်လက်ကတိကဝတ်ပြုခဲ့ကြသည်။

ထို့ကြောင့်လည်း ဟိမဝန္တာတောင်တန်းကိုဖြတ်၍ အမြင့်ပေပေါင်းများစွာ၌ ဖောက်လုပ်ခဲ့သော ဆီလာဥမင်လိုဏ်ခေါင်းကြောင့် အာရှ၏ အင်အားကြီးနှစ်နိုင်ငံအကြား ရှိရင်းစွဲရန်စကိုထပ်မံမီးမွှေးပေးသကဲ့သို့ မဖြစ်စေဘဲ ဖြေရှင်းနိုင်ကြမည်ဟု မျှော်လင့်ရပေသည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News