April 29, 2024

MT News
၁၈. ၃. ၂၀၂၄

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များအဖြစ် ဆီးရီးယား လက်ရွေးစင်အသင်းနှင့် လာမည့် မတ်လ ၂၁၊ ညနေ ၆ နာရီ၊ သုဝဏ္ဏ အားကစားကွင်းတွင် အိမ်ကွင်းပွဲစဉ်အား လည်းကောင်း၊ မတ်လ ၂၆ ရက်၊ ဆော်ဒီအာရေဗျနိုင်ငံ ဒါမန်းမြို့တွင် အဝေးကွင်းပွဲစဉ်အားလည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့တွင်မူ မြန်မာအသင်းနှင့် ပထမအကျော့ယှဥ်ပြိုင်မည့် ဆီးရီးယားအသင်း ရန်ကုန်မြို့သို့ရောက်ရှိလာပြီဖြစ်သည်။

ဆီးရီးယားအသင်းသည် ကျင်းပပြီးစီးခဲ့သည့် အာရှဖလား ၂၀၂၃ ပြိုင်ပွဲတွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းကောင်းတစ်သင်းဖြစ်ပြီး လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့် ၈၉ တွင်ရှိနေသော အသင်းဖြစ်သည်။ နည်းပြအဖြစ် အင်တာမီလန်၊ ပါးမား၊ မာလော့ကာ၊ ဘက်တစ်၊ အီဂျစ် အသင်းများ ကိုင်တွယ်ခဲ့သည့် ဝါရင့်နည်းပြ ဟက်တာကူးပါး တာဝန်ယူနေပြီး ၂၀၂၃ ကာတာ အာရှဖလားတွင် ဥရောပ၊ တောင်အမေရိကနှင့် အာရှ ကလပ်များတွင် ဆုကြေးစား ကစားလျက်ရှိသည့် ကစားသမားများ ပါဝင်ကစားထားသည်။

မြန်မာအသင်းသည် ၂၀‌၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဂျပန်၊ ​မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းများနှင့် တွေ့ဆုံနေပြီး လက်ရှိနှစ်ပွဲကန်ပြီးချိန် ဂျပန်ကို ၅ ဂိုး ဂိုးမရှိရှုံးထားပြီး မြောက်ကိုရီးယားကို ၆ ဂိုး ၁ ဂိုးဖြင့်ရှုံးထား၍ ပေးဂိုး ၁၁ ဂိုး၊ ရဂိုး ၁ ဂိုးနှင့် အမှတ်ဗလာဖြစ်နေသလို ပြိုင်ဘက်အသင်းအားလုံးမှာ မြန်မာအသင်းထက်ခြေစွမ်းသာလွန်းနေ၍ ၂၀၂၆ ကမ္ဘာ့ဖလားကို ဒုတိယအဆင့်နှင့် နှုတ်ဆက်ရမည့်အခြေအနေလည်း ဖြစ်နေရသည်။

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာသည် ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား ၃၅ ဦးစာရင်းအား ထုတ်ပြန် ကြေညာထားပြီး အဆိုပါ စာရင်းတွင် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၂၂ ဦး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘူတန်လိဂ်များမှ ကစားသမား ၁၃ ဦး စုစုပေါင်း ၃၅ ဦးရှိကာ မတ်လ ၁၁ ရက်မှ စတင် စခန်းဝင်လေ့ကျင့်နေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *