၁၈. ၃. ၂၀၂၄
Written by Nay Moe

လက်ပံတန်းမြို့နယ်၊ သရက်တောကျေးရွာနဲ့ ရေငံကျေးရွာနှစ်ရွာမှာ အထက်တန်းပြဆရာမတစ်ဦးအပါအဝင် လူငါးဦးကို တစ်ရက်အတွင်းသတ်ဖြတ်ခဲ့တယ်လို့ NUG ဩဇာခံ ရွှေတန်းမြေ PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က မတ်လ ၁၄ ရက် ည ၈ နာရီ ၅ မိနစ်မှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သရက်တော ကျေးရွာနေသူတွေဖြစ်တဲ့ ဦးအောင်ထွန်းဝင်း (၅၀)နှစ်၊ ဦးစိန်ဦး(ခ)ဖိုးစိန်ဦး(၆၂)နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်လှရီ(၆၄) နှစ်တို့ သူတို့ရဲ့ နေအိမ်အသီးသီးမှာ ရှိနေချိန် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က PDF အင်အား ၅၀ ကျော်နဲ့ရောက်လာပြီး သူတို့သုံးဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့အပြင် ဦးစိန်ဦး(ခ)ဖိုးစိန်ဦးနေအိမ်က MCX အမျိုးအစား ဆိုင်ကယ်တစ်စီးအား လုယက်ယူဆောင်သွားခဲ့တာပါ။

အဲဒီနောက်မှာ NUG ဩဇာခံ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟ ရေငံကျေးရွာကို ဆက်လက်သွားရောက်ပြီး အဆိုပါကျေးရွာက ဂရံစံပြကျေးရွာရဲ့ အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြ ကျောင်းဆရာမဖြစ်တဲ့ ဒေါ်သွယ်သွယ်ထွန်း(၅၄)နှစ်နဲ့ အစ်မဖြစ်သူ ဒေါ်ဝင်းမင်းသန်း (၅၅)နှစ်တို့နှစ်ဦးကို ဆက်လက်သတ်ဖြတ်သွားတာပါ။

ဒီသတ်ဖြတ်မှုအပေါ် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးအောင်ထွန်းဝင်းရဲ့သားက ရဲဖြစ်လို့သတ်ရပြီး ဦးစိန်ဦး(ခ)ဖိုးစိန်ဦးနဲ့ ဇနီး ဒေါ်လှရီတို့ရဲ့သားက စစ်ဗိုလ်ဖြစ်နေလို့ သတ်ရသလို အထက်တန်းပြဆရာမဒေါ်သွယ်သွယ်ထွန်းနဲ့ အမဖြစ်တဲ့ဒေါ်ဝင်းမင်းသန်းတို့က CDM တွေတိုင်လို့သတ်ရတာလို့ စွပ်စွဲချက်မှာဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ပတ်လည်၊ ဆရာဆရာမ ၈၀ နီးပါးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၇၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF၊ EAOs တို့ရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *