MT News Editorial

ထိုင်းနိုင်ငံကဲ့သို့ အကြိမ် ၂၀ ခန့် အာဏာသိမ်းခဲ့သည့် နိုင်ငံတွင် နိုင်ငံသားများ၏ အသိဉာဏ်မြင့်မားမှုနှင့် အုပ်ချုပ်သူများ၏ လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံကဲ့သို့ ကမ္ဘာ့နိုင်ငံများနှင့် အာဆီယံနိုင်ငံများက ဖိအားပေးသည်ကို မတွေ့ရချေ။

ထို့အတူ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြရာ စီးပွားရေးအဆောက်အအုံပြိုလဲခြင်း၊ ပြည်သူနှင့် နိုင်ငံ၏ ယဉ်ကျေးမှုအဆောက်အအုံပြိုပျက်ခြင်း၊ အချုပ်အခြာအာဏာထိပါးခြင်းများကိုလည်း မခံကြရပြန်ချေ။

အလားတူ ၂၀၁၄ ခုနှစ် အာဏာသိမ်းယူမှုနောက်ပိုင်း ငွေကြေးထောက်ပံ့ကာ မြှောက်ပင့်ပေးသူများ လက်နက်ကိုင်ရန် အားပေးသူများ မရှိတော့လေရာ ပြည်သူအချင်းချင်းတိုက်ခိုက်သည့် ရှပ်နီ၊ ရှပ်ဝါများ ပျောက်ကွယ်သွားပြီး လက်ရှိအချိန် ဆန္ဒပြသူများ ရှိသည်ဆိုသော်ငြား ထိုင်းနိုင်ငံ၏ ဒီမိုကရေစီသည် အာဏာသိမ်းမှုကြောင့် ပုံပျက်မသွားရုံသာမက စီးပွားရေးကဏ္ဍသည်ပါ အာဏာသိမ်းပြီးတိုင်း အရှိန်အဟုန်မပျက် ချီတက်နိုင်ကြလေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ပုံစံမကွာသော နိုင်ငံတစ်ခုသည် တည်ငြိမ်စွာ ဆက်လက်တိုးတက်နေသည်ကို ကမ္ဘာက တွေ့မြင်နေရပေသည်။

မြန်မာနိုင်ငံတွင်တော့ ထိုသို့မဟုတ်ပါချေ။ အာဏာလွန်ဆွဲပွဲဖြစ်သည်နှင့် တစ်ပြိုင်နက် လက်နက်ကိုင်ရန် ငွေထုတ်ပေးသူ များ၊ ပဋိပက္ခကြီးထွားစေရေးအတွက် လူသေမှဖြစ်မည်ဆိုသည့် လွဲမှားသောအယူအဆများ၊ နိုင်ငံ့အုပ်ချုပ်ရေးကဏ္ဍစုံမှ ယန္တရားများ ပျက်ပြားသွားအောင် လှုံ့ဆော်ကြသူများ၊ စီးပွားရေးအဆောက်အအုံအားလုံး ပြိုပျက်အောင် လုပ်ဆောင်ရမည်ဆိုသူများ၊ အလုံးစုံပျက်သုဉ်းပြီးမှ အသစ်က ပြန်စမည်ဆိုသူများ၊ မြန်မာ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအားလုံးကို ဖြိုဖျက်ရမည်ဆိုသူများ တခဲနက်ပေါ်လာချေရာ ၂ နှစ်နိုင်ငံနှစ်ခု၏ တော်လှန်ပြည်သူများ အသိဉာဏ်ရေချိန်ကို ချိန်ထိုးမည်ဆိုပါက မည်သည့်တော်လှန်ပြည်သူက အသိဉာဏ်သာကြသည်ကို အထင်းသားတွေ့မြင်ရမည်ဖြစ်သလို လက်ရှိကာလတွင်လည်း လာမည့် ၈ လအတွင်း ဖြစ်လာမည့် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဘက်စုံမှ ကြိုးစားအားထုတ်မှုများ ရှိနေပေသည်။

လက်ရှိကာလတွင် တာဝန်ယူထားသူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကိုင်စွဲကာ ဥပဒေနှင့်အညီ လုပ်ကိုင်နေချိန်တွင် ၂၀၂၃ ရွေးကောက်ပွဲပျက်ပြားရန် လုပ်ဆောင်သူများနှင့် နိုင်ငံတကာ၏ နှောက်ယှက်မှုများကြောင့် ထိုဥပဒေ၏ အချိန်ကန့်သတ်ချက်အတွင်း ရွေးကောက်ပွဲမဖြစ်လာပါက မည်သို့ဆက်ဖြစ်မည်ကို ပြည်သူများ ချိန်ထိုးရပေမည်။

လက်ရှိအချိန်တွင် ပြည်သူများသည် “သူနိုင်မည်၊ ငါနိုင်မည်” အစွဲဖြင့် အရိပ်ဟူသမျှ ရန်သူထင်နေသော အဝန်းအဝိုင်းနှစ်ခုအကြားတွင် ကျင်လည်နေရသည်ဖြစ်ရာ နိုင်ငံပြိုပျက်ရန် ဖိအားပေးသူများကြောင့် ၂၀၂၃ ရွေးကောက်ပွဲပျက်ပြားသွားခဲ့ပါက နှစ်ဖက်ကြားအဆင်ပြေအောင် နေနေရသည့် မျှခြေပျက်စီးသွားမည်ဖြစ်သည်။ ထို မျှခြေပျက်စီး၍ ရွေးကောက်ပွဲမဖြစ်မြောက်တော့သည် သေချာသော ၂၀၂၃ ဩဂုတ်လွန်သည်နှင့် တစ်ပြိုင်နက် ယခုထက် အဆ ရာထောင်ချီဆိုးရွားသော ဒုက္ခများကို ပြည်သူများ ရင်စည်းခံရတော့မည်မှာ မလွဲပါချေ။

MT News သတင်းဌာနသည် ရွေးကောက်ပွဲပျက်ပါက ထိုသို့သော ပိုမိုဆိုးရွားလာမည့်အခြေအနေများကို တွက်ဆမိသောကြောင့် ၂၀၂၃ ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ဆင့်ကဲတိုးတက်မှုများဖြင့်သာ မြှင့်တင်လိုသော သတင်းဌာနဖြစ်ပါသဖြင့် ရှဉ့်လည်းမစွဲနိုင်၊ ပျားလည်းမလျှောက်နိုင်အကြားဝယ် နိုင်ငံနှင့် ပြည်သူများ ယခုထက်ဆိုးရွားသော အခြေအနေမရောက်စေရေးအတွက် ဖြစ်လာနိုင်သောအခြေအနေများကို တွက်ဆတင်ပြရပါသည်။ ထို့အတွက် ငြိမ်းချမ်းစွာ တိုးတက်လိုသူ ပြည်သူအားလုံးမှ ယခုထက်ပိုဆိုးသော အခြေအနေမဖြစ်ရေး ဝိုင်းဝန်းကြိုးစားပေးပါရန်လည်း MT News သတင်းဌာနက မေတ္တာရပ်ခံတောင်းဆိုလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *