၁၇. ၃. ၂၀၂၄
Written by Nyein Kyaw

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည်ထားပူးဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက် သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်‌တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါအဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ တက်ရောက်ခဲ့သည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့ကြသည့် သမလမင်းဆက် (၁၇) ဆက်အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္စျဓိယမင်းနှင့် မိဖုရားတို့ တည်ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျ စေတီတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံး စေတီတော်ဖြစ်ကြောင်း၊ စေတီတော်များရှိ ဌာပနာတိုက်များအတွင်း ရှေးမင်းအဆက်ဆက်တို့ ကိုးကွယ်တော်မူခဲ့သော မြတ်စွာဘုရားရှင်၏ သရီရဓာတ်တော်များ၊ အများပြည်သူတို့ လှူဒါန်းသည့် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများကို ထည့်သွင်းပူးဇော်တည်ထားခဲ့ရာ သာသနာသက္ကရာဇ် ၁၄၈၀၊ ကောဇာသက္ကရာဇ် ၂၉၈ ခုနှစ်တွင် တည်ထားပြီးမြောက်တော်မူခဲ့ခြင်းဖြစ်သည်။

စေတီတော်သုံးဆူအနက် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဉာဏ်တော်အမြင့် ၂၀၄ ပေ၊ ထီးတော်အမြင့် ၄၃ ပေဖြင့် ပြန်လည်တင်လှူပူဇော်နိုင်‌ရေး ပဲခူးမြို့၊ ဓမ္မာလင်္ကာရကျောင်း အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝသုဒ္ဓ ဆရာတော်ကြီးအမှူးပြု၍ ခုနစ်ရက်သားသမီးများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် စေတီတော်ကြီး ပြန်လည်တည်ထားကိုးကွယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် SAC ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် စေတီတော်ကြီး ပြုပြင်မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး ယနေ့တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါအဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *