၁၇. ၃. ၂၀၂၄
Written by Tha Doe

မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအပေါ် အမေရိကန်နိုင်ငံက စွက်ဖက် ပိတ်ဆို့နေလို့ မြန်မာပြည်သူတွေ အခက်ကြုံနေကြရတဲ့အပေါ် ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က သတင်းစာရှင်းလင်းခဲ့ပြီး မြန်မာ့နိုင်ငံရေး အမေရိကန်ဝင်မစွက်ဖက်ဖို့ အချက်ငါးချက်ပါတောင်းဆိုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရေးအခင်းတွေက အမေရိကန်ဟာ သူ့ဩဇာခံအစိုးရပေါ်ထွက်မလာချိန်မှာ ဖန်တီးလိုက်တယ်ဆိုတာနဲ့ အမေရိကန်က ​SAC အစိုးရကို ဖိအားပေးဖို့ စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်ဆိုပေမဲ့ အဓိကခံနေရတာ ပြည်သူတွေဖြစ်နေသလို ဒီလိုမျိုးအောက်ခြေပြည်သူတွေကြားမှာ အမေရိကန်ဒုက္ခပေးမှုကြောင့် အဆင်မပြေဖြစ်နေရတာတွေကို ပြည်သူလူထုကသိရှိနားလည်ပေမဲ့ ဖော်ထုတ်ပြောပြလို့မရဖြစ်နေတာကြောင့်လည်း မြန်မာပြည်သူ့အသံ အမေရိကန်နိုင်ငံကြားစေချင်လို့ ဒီသတင်းစာရှင်းလင်းပွဲလုပ်ဆောင်တာလို့လည်း ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က ရှင်းပြပါတယ်။

“အမေရိကန်ရဲ့ကျွန်တော်တို့နိုင်ငံကို ဝင်ရောက်စွက်ဖက်မှုတွေ၊ ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ လက်ရှိအစိုးရနဲ့ အတိုက်အခံဖြစ်နေတဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထောက်ပံ့နေတာကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံက ဘာများအကျိုးအမြတ်ရခဲ့သလဲ။ ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘာများကောင်းကျိုးခံစားနေရတာရှိလဲ။ ဒါကို ကျွန်တော်တို့ အားလုံးကိုမေးခွန်းထုတ်ချင်ပါတယ်” လို့ ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က သတင်းပြန်ကြားရေးတာဝန်ခံဦးဇော်ဇော်အောင်က ရှင်းပြပါတယ်။

အမေရိကန်ရဲ့ မဆုံးနိုင်တဲ့ ဖိအားပေးမှုတွေက မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ဒီမိုကရေစီရမှာသေချာရဲ့လားလို့လည်းပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က မေးခွန်းထုတ်ပါတယ်။ အမေရိကန်ဟာ ဒီမိုကရေစီအရေးလုပ်တယ်ဆိုပေမဲ့ တကယ့်ရည်ရွယ်ချက်က ကမ္ဘာ့နိုင်ငံတွေ သူတို့ဩဇာခံဖို့လုပ်နေတာကို တွေ့ရသလို သူတို့ဩဇာမခံတဲ့အစိုးရတွေဖြုတ်ချပြီး သူတို့ခိုင်းသမျှလုပ်မဲ့ ရုပ်သေးအစိုးရတွေတင်နိုင်ဖို့ ဒေါ်လာဘီလျံပေါင်းများစွာ သုံးပြီး ကြိုးပမ်းခဲ့တာ၊ မြန်မာပြည်အတွက် ငွေကြေးမသုံးစွဲပေမဲ့ မြန်မာပြည်မတည်ငြိမ်ရေးအတွက် အစိုးရအတိုက်အခံအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအတွက် နှစ်စဥ်ဒေါ်လာသန်းရာချီသုံးခဲ့တာ၊ အမေရိကန်ရဲ့ဝင်စွက်ဖက်မှုကြုံရတဲ့နိုင်ငံတိုင်းကလည်း မတည်ငြိမ်တာတွေ့ရတာ၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကစပြီး အမေရိကန်ဩဇာမခံတဲ့နိုင်ငံတွေ ဒီနေ့ဒီကာလအထိ စစ်ပွဲတွေဖြစ်ရင်း ပြိုလဲပျက်စီးရတာတွေကို အီရတ်၊ ဆီးရီးယား၊ လစ်ဗျား အများကြီးက သက်သေပြနေသလို လက်ရှိမှာ ယူကရိန်းဟာလည်းအမေရိကန်စနက်ကြောင့်ပဲ ပြိုလဲပျက်စီးရတဲ့အခြေအနေဖြစ်လာနေတယ်လို့ သတင်းစာရှင်းသူကဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၀၇ ခုနှစ်ကစပြီး အမေရိကန်ရဲ့ တွန်းအားပေးမှုနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအမည်ခံ ရောင်စုံတော်လှန်ရေးတွေ စတင်လာခဲ့သလို NLD အစိုးရဟောင်းလက်ထက်မှာလည်း အမျိုးဘာသာသာသနာမှေးမှိန်ပြီး ပြည်ပယဥ်ကျေးမှုတွေသွတ်သွင်းခံရ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအမည်ခံရောင်စုံတော်လှန်ရေးတွေက အမေရိကန်ဩဇာခံနိုင်ငံအဖြစ် ထွက်ပေါ်လာဖို့လုပ်ဆောင်တာကိုလည်း တွေ့ရတယ်လို့ ရှင်းပြပြီး နိုင်ငံတော်ကြီးပြိုလဲပျက်စီးသွားတဲ့အဆင့်ထိမရောက်ဖို့ အမေရိကန်က စွက်ဖက်နေတဲ့ ဂျော့ဆိုးရော့စ်လိုဖောင်ဒေးရှင်းတွေ NGO တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထောက်ပံနေမှုတွေ အမေရိကန်က ရပ်တန်းက ရပ်ဖို့လည်း အချက်ငါးချက်နဲ့ တောင်းဆိုပါတယ်။

“အမေရိကန်အနေနဲ့ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေကြား ပဋိပက္ခတွေ ပိုပြီးတော့ မပြင်းထန်အောင်လို့ လက်နက်ထောက်ပံ့တာတွေ ငွေကြေးထောက်ပံ့တာတွေ၊ နည်းပညာထောက်ပံ့တာတွေကို ရပ်တန်းကရပ်ဖို့ ကျွန်တော်ဒီနေရာကနေ တောင်းဆိုပါတယ်။ ဒါက ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်ကနေ နံပါတ်တစ်အနေနဲ့ တောင်းဆိုတာပါ။ နံပါတ် နှစ်ကတော့ အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံတွေရဲ့ ဒီ Sanction တွေနဲ့ ပိတ်ဆို့မှုတွေကြောင့် ထိခိုက်နေတာက လက်ရှိအုပ်ချုပ်နေတဲ့အစိုးရမဟုတ်ဘဲ ပြည်သူတွေသာဖြစ်နေတယ်ဆိုတာကို ထဲထဲဝင်ဝင်သိဖို့ကြိုးစားပါလို့ နံပါတ်နှစ်အနေနဲ့တောင်းဆိုပါတယ်။ နံပါတ်သုံးအနေနဲ့ အမေရိကန်နိုင်ငံအပါအဝင်သူ့ရဲ့လက်တံတွေအားလုံးအနေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံကို ကိုလိုနီလက်သစ်ဝါဒနဲ့ ကျွန်ပြုချင်တဲ့အကြံတွေ ဒီနေရာကနေ ရပ်တန်းကရပ်ပါလို့ပြောချင်ပါတယ်။ နံပါတ်လေး ကတော့ တကယ်တမ်းအားဖြင့် မြန်မာပြည်သူတွေဟာ အခြေခံအားဖြင့် အေးချမ်းစွာ၊ တည်ငြိမ်စွာ နေလိုသူတွေပဲဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာပြည်ကို စစ်မီးမွှေးတာ၊ စစ်ပွဲတွေပို့ဆောင်ပေးတာ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးတာတွေ ရပ်တန်းကရပ်ဖို့ နံပါတ်လေးအချက်အနေနဲ့ တောင်းဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ မြန်မာ့နိုင်ငံရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရမှာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးကိုဖြေရှင်းတဲ့ မည်သည့်နိုင်ငံခြားစွက်ဖက်မှုမျိုးကိုမှ ကျွန်တော်တို့ ပြည်သူတွေက အလိုမရှိဘူး။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေးကိုပြင်ပက စွက်ဖက်နေတဲ့ ထောက်ပံ့နေတဲ့နိုင်ငံမှန်သမျှ ဒီနေရာကနေ ရပ်တန်းကရပ်ပါလို့ ကျွန်တော်တို့ ငါးခုမြောက်အနေနဲ့တောင်းဆိုပါတယ်”လို့ ဦးဇော်ဇော်အောင်က ပြည်သူ့အသံဖော်ထုတ်သူများကွန်ရက်ရဲ့ အမေရိကန်နဲ့ တခြား နိုင်ငံတွေရဲ့ မြန်မာ့နိုင်ငံရေး စွက်ဖက်မှုတွေရပ်ဖို့ တောင်းဆိုချက်ငါးချက်ကိုပြောပါတယ်။

ဒါ့အပြင်လည်း အမေရိကန်ရဲ့စွက်ဖက်မှုနဲ့ တရုတ်နိုင်ငံရဲ့ထိန်းချုပ်ချင်မှုတွေရှိနေသရွေ့ မြန်မာပြည်သူတွေလိုလားတောင်းတနေတဲ့ ဒီမိုကရေစီပန်းတိုင်က အလှမ်းဝေးနေဦးမှာလို့လည်း ပြည်သူ့အသံဖော်ထုတ်သူများကွန်ရက်က သတိပေးပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *