၁၁. ၃. ၂၀၂၄
Written by Nyein Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ဖြေဆိုခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၂၈,၈၀၁ ဦးရှိသည့်အတွက် စာရင်းရှိဦးရေ၏ ရာခိုင်နှုန်း ၉၀ ခန့် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၁၄ ခရိုင်၊ မြို့နယ်ပေါင်း ၂၈၅ မြို့နယ်၊ စာစစ်ဌာနပေါင်း ၇၉၄ ဌာနတို့တွင် စာရင်းရှိဦးရေမှာ ၁၄၆,၅၂၃ ဦးရှိပြီး လာရောက်ဖြေဆိုသူ ဦးရေမှာ ၁၂၈,၈၀၁ ဦးရှိသည်။ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ဖြေဆိုရာခိုင်နှုန်းမှာ ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက် (ယနေ့တွင်) မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်၊ မတ်လ ၁၅ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၆ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရပြီး မတ်လ ၁၈ ရက်တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ်လ ၁၉ ရက်တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်တို့ကို အသီးသီးဖြေဆိုကြရမည်ဖြစ်သည်။

ယင်းကဲ့သို့ ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News