April 30, 2024

MT News
၉. ၃. ၂၀၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လာမည့် ၄ နှစ်သက်တမ်းအတွက် ရွေးကောက်ပွဲကို မတ်လ ၃၀ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး လက်ရှိဥက္ကဋ္ဌဦးဇော်ဇော်နေရာအတွက် ယှဥ်ပြိုင်ရွေးချယ်ခံမည့် ပြိုင်ဘက်မရှိကြောင်း သိရသည်။

၂၀၀၅ ခုနှစ်မှစတင်ကာ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာသည့် ဦးဇော်ဇော်၏ ဥက္ကဋ္ဌနေရာအတွက် ယှဥ်ပြိုင်ရွေးချယ်မည့်ပြိုင်ဘက်မရှိသကဲ့သို့ ဒုဥက္ကဋ္ဌသုံးဦးရွေးချယ်ရာတွင်လည်း အမျိုးသားနှစ်ဦးနေရာကို ဦးပြည့်ဖြိုးတေဇ၊ ဦးထိပ်ခွန်နောင်မြင့်ဝေတို့သာစာရင်းသွင်းထားပြီး အမျိုးသမီးတစ်ဦးနေရာကိုလည်း စာရင်းသွင်းသူဒေါက်တာဒေါ်ခင်စောဦးတစ်ဦးတည်းသာရှိ၍ ဒုဥက္ကဋ္ဌ နေရာများလည်း ပြိုင်ဘက်မရှိချေ။ ထို့အတူ မြန်မာနေရှင်နယ်လိဂ် (၁) အတွက် သုံးဦးရွေးချယ်ရန်လည်း ဦးဇော်မင်းသိန်း၊ ဦးကျော်ဦး၊ ဦးလှကျော်ဝင်းတို့သာ ယှဥ်ပြိုင်မည်ဖြစ်၍ ပြိုင်ဘက်မရှိသလို မြန်မာနေရှင်နယ်လိဂ်(၂) နေရာအတွက်လည်း တစ်ဦးသာရွေးချယ်မည့်နေရာကို ဦးထောင်ထာထန်းသာ ယှဥ်ပြိုင်၍ ပြိုင်ဘက်မရှိကြောင်း သိရသည်။

လာမည့် မတ် ၃၀ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ (၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၄ နှစ်သက်တမ်း) အတွက် ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၆) ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး အဆိုပါရွေးကောက်ပွဲကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် စည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။ (၄)နှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ – ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ – ၃ ဦး (အမျိုးသား – ၂ဦးနှင့် အမျိုးသမီး -၁ ဦး)၊ မြန်မာနေရှင်နယ်လိဂ်-၁ (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂ (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ (၁) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (၆) ဦး၊ ဒိုင်ကော်မတီ (၁) ဦး၊ နည်းပြကော်မတီ (၁) ဦး၊ ကစားသမား ကော်မတီ (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မတီ (၁) ဦး၊ စုစုပေါင်း ၁၉ ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်သည်။

MFF Election (Term 2024-2028) အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှကိုယ်စားလှယ်လောင်း (၂၆) ဦး ရှိပြီး အဆိုပါစာရင်းအား ယမန်နေ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပြီးလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *