၈.၃. ၂၀၂၄
Written by Hey Mar

ဇနီးမောင်နှံနှစ်ဦး သုသာန်ဇရပ်တစ်ခုမှာ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဖြစ်စဥ် မနေ့က မတ်လ ၈ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ထဲက သီးကုန်းသုသာန်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က သီးကုန်းသုသာန် မွတ်စလင်မ် သင်္ချိုင်းဇရပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ဇနီးမောင်နှံက ပျော်ဘွယ်မြို့နယ်အပိုင် အလယ်ကုန်းကျေးရွာကလို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကို မြေပြင်အကူအညီ သွားရောက်ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌက “သီးကုန်းနဲ့ အလယ်ကုန်းက အတော်လှမ်းပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရလဲဆိုတာတော့ သေချာမသိပေမယ့် သူတို့ရွာကို အလောင်းပြန်ပို့ခိုက်မှာ သိရတာက ၃ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးနှစ်ဦးလည်းကျန်ခဲ့တယ်။ သေသူတွေကလည်း ငယ်ငယ်ပဲ။ အသက် ၃၀တောင် မပြည့်လောက်သေးဘူး။ ကြွေးမြီလည်း ပူရအောင် မရှိသလို လင်မယားလည်း ရန်ဖြစ်ခြင်းပြုချင်းမရှိကြဘူးတဲ့။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရွာအလှူမှာတောင် ကခုန်နေကြသေးတယ်လို့ ရပ်ရွာထဲက ပြောပြကြတယ်။ သုသာန်မှာလည်း မျက်နှာချင်းဆိုင်ရပ်ကလေး နှစ်ဦးကို တွေ့ရတာ”လို့ မျက်မြင် တွေ့ကြုံရတဲ့ ဖြစ်စဥ်ကို ​MT News ကို ပြောပြပါတယ် ။

အခုလို ဆွဲကြိုးချသေဆုံးရတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာမှာ သေဆုံးသူတွေ စီးလာတဲ့ ဆိုင်ကယ်ကို သုသာန်အပြင်ဘက်မှာ ရပ်လျှက်သားတွေ့ရှိရပြီး သေသူတွေရဲ့ အနီးမှာလည်း အဝတ်အိတ် ၊ ပိုက်ဆံအိတ် ၊ ဖုန်း စတာတွေကို တွေ့ရှိရတယ်လို့ သိရသလို ဓမ္မတာအတိုင်းသေဆုံးမှုဟုတ်မဟုတ် ဆက်လက်စိစစ်နေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *