MT News Editorial

ဧရာဝတီတိုင်းမှ ထွက်ကုန်များကို ရန်ကုန်သို့ တင်ပို့ရာတွင် ရန်ကုန်တိုင်းအဝင် လှိုင်သာယာမြို့နယ်မှ ဘုရင့်နောင်တံတားအဆင်းအထိ သုံးဘီးများ၊ ဆိုင်ကယ်များဖြင့် လိုက်ပါလာသည့် ခိုးဆိုးလုနှိုက်သူများက မိုးကာစများဓားဖြင့်ခွဲကာ သီးနှံထွက်ကုန်များနှင့် ရေထွက်ကုန်များကို လိုက်လံ လုယက်ခံနေရသည်မှာ နိုင်ငံရေးပဋိပက္ခအစကတည်းက ဖြစ်သဖြင့် လုယက်ခံရမှု နှစ်နှစ်အတွင်း ဝင်ရောက်လာပြီ ဖြစ်ပေသည်။

ရန်ကုန်သို့ ဝင်ရောက်လာသော ကုန်တင်ကားများကို အဓိက လုယက်နေသည့် လှိုင်သာယာလူမိုက်များသည် သုံးဘီးများ၊ ဆိုင်ကယ်များဖြင့် နောက်မှလိုက်ကာ ကုန်ကားရှေ့မှ ဖြတ်မောင်းခြင်းဖြင့် ကားကို အရှိန်လျော့အောင် ပြုလုပ်ပြီး ကားပေါ်သို့တက် လုယက်ခြင်း၊ မီးပွိုင့်များတွင် အရှိန်လျော့ခိုက် ကုန်ကားပေါ်ခိုတက်ကာ မိုးကာစခွဲ၍ ပါလာသောကုန်များကို အောက်တွင် အသင့်ကပ်ပါလာသော လူဆိုးလူမိုက်များထံ ပစ်ချပေးခြင်းများဖြင့် လုယက်နေကြပေသည်။

ထိုသို့ လုယက်နေရာတွင် ကုန်တင်ကားများကို လူအုပ်စုဖြင့် ခြိမ်းခြောက်ကာ သတ်ဖြတ်မည့်အသွင်ဖြင့် လုယက်ခြင်းများကိုပါ ကြုံနေရသဖြင့် ဧရာဝတီထွက်ကုန်များကို ရန်ကုန်သို့ တင်ပို့နေရသည့် ကုန်တင်ကားလုပ်ငန်းရှင်များ၊ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များမှာ တင်လာသောကုန်ဆုံးရှုံးမှုအပြင် အသက်ဘေးကိုပါ ရင်ဆိုင်နေရပြန်သည်။

ထိုသို့သော လုယက်မှုများနှင့် အသက်ဘေးပါ ခြိမ်းခြောက်မှုများကို ဧရာဝတီမှ ကုန်ထုတ်လုပ်သူများ၊ ခေါက်ကြေးဖြင့် ဝန်ဆောင်မှုပေးသည့် ကုန်ကားပိုင်ရှင်၊ ကုန်တင်ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များ ရင်စည်းခံနေရကာ သိန်းရာထောင်ချီနစ်နာဆုံးရှုံးနေရသည်မှာလည်း နှစ်နှစ်ပြည့်လုပြီဖြစ်ပေသည်။

အမှန်ဆိုပါက ကုန်ကားများကို ဓားခွဲလုယက်ကာ ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်ကိုပါ ခြိမ်း​ခြောက်သတ်ဖြတ်သည့် ဖြစ်စဥ်များမှာ မဝေးလှသည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းက ရန်ကုန်မြို့အဝင် ပို့ကုန် ယာဥ်လမ်းကြောများတွင် ဖြစ်ပွားခဲ့ဖူးပြိး တာဝန်ယူထားသူအစိုးရများက ဖိဖိစီးစီး နှိမ်နင်းနိုင်၍သာ ကုန်တင်ကား ဓားခွဲကာ လုယက်မှုများ ပျောက်ကွယ်သွားခြင်းဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် လှိုင်သာယာမှ စတင်ကာ ကုန်ကား ဓားခွဲကာခြိမ်းခြောက်လုယက်မှုများ ပြန်လည်ထကြွလာပြီဖြစ်သည်။ ထို ထကြွမှုများကို လက်ရှိတာဝန်ယူထားသူများ ထိန်းချုပ်နိုင်မှုမရှိပါက တောမီးလောင်၍ လက်ခမောင်းခတ်သည့် တောကြောင်များ၏ လုယက်မှုများ ကုန်တင်ပို့ရာဒေသအများအပြားတွင် ဆင့်ကဲဖြစ်ပွားလာနိုင်ပါ၍ လှိုင်သာယာမှ ရှေ့ဆောင်လမ်းပြ ကုန်ကားဓားခွဲလုယက်နေသူများကို ထိရောက်စွာ အမြန်ဆုံးနှိမ်နင်းသင့်ပါကြောင်းလည်း တာဝန်ရှိသူများကို MT News သတင်းဌာနက တိုက်တွန်းနှိုးဆော်လိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *