April 30, 2024

၂၉. ၂. ၂၀၂၄
Written by Tha Doe

၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းဗိုလ်လုပွဲမှာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ 81 Kg ဗိုလ်လုပွဲအဖြစ် ပရွမ်ဆန်နန်း (Prom Samnang) နဲ့ ထိုးသတ်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဒီနေ့မှာတော့ သူတို့ကြားက မကျေပွဲအဖြစ် ထွန်းထွန်းမင်းနဲ့ ပရွမ်ဆန်နန်းတို့ ခမာမြေမှာ ခွန်ခမာစည်းမျဥ်းနဲ့ ယှဉ်ပြိုင်ထိုးသတ်ကြတော့မှာပါ။

ထွန်းထွန်းမင်းနဲ့ ပရွမ်ဆန်နန်းတို့ဟာ ခေါင်ပွဲအဖြစ် လူစိတ်ဝင်စားမှုမြင့်တက်နေပေမဲ့ မြန်မာ့အလားအလာအကောင်းဆုံးတက်လူ ကျော်စွာဝင်းကတော့ ဒုခေါင်ပွဲတောင်မရဘဲ ကြားပွဲအဖြစ် ထိုးရမှာဖြစ်သလို မူလက ခမာနာမည်ကျော်ဖိုက်တာ ရွမ်းဆိုဖွန်း(Roeung Sophorn)နဲ့ထိုးသတ်ရမှာဖြစ်ပေမဲ့ အခုတော့ ရွမ်းဆိုဖွန်းက ဝမ်းရောဂါနဲ့ မထိုးသတ်နိုင်လို့ ထိုင်းဖိုက်တာ Petchburapha နဲ့ ပြောင်းလဲထိုးသတ်ရမှာပါ။

ဒီခွန်ခမာမြေထိုးသတ်ပွဲအတွက် ထွန်းထွန်းမင်းနဲ့ ကျော်စွာဝင်းတို့ မနေ့က ကမ္ဘောဒီးယားကိုထွက်ခွာကြပြီး ဆေးစစ်ဝိတ်ချိန်ပြီး ဖြစ်သလို ထွန်းထွန်းမင်းကလည်း “ကျွန်တော်တို့ညီအကိုနှစ်ယောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်အကောင်းဆုံးကြိုးစားခဲ့မယ်လို့ကတိပေးပါတယ်”လို့ ကျော်စွာဝင်းကိုပါ ကိုယ်စားပြု ကတိပေးထားပါသေးတယ်။

ဒီလိုပဲ ပြီးခဲ့တဲ့ ကမ္ဘောဒီးယား ဆီးဂိမ်းမှာ ထွန်းထွန်းမင်းကို အသာစီးရယူထိုးသတ်နိုင်ခဲ့ပေမဲ့ အလဲမထိုးနိုင်ခဲ့တာနဲ့ ခမာမြေဖြစ်လို့အသာစီးရတာလို့ ထွန်းထွန်းမင်း အားပေးသူတွေက လူမျိုးစွဲနဲ့ ပုပ်ခတ်တာကြောင့်လည်း အာဆီယံချန်ပီယံပရွမ်ဆန်နန်းက “ထွန်းထွန်းမင်းနဲ့ ဒီတစ်ကြိမ်တွေ့ဆုံပွဲဟာ ရှင်းရှင်းလင်းလင်းဖြစ်သွားလိမ့်မယ်”လို့ အာမခံပြောခဲ့ပါတယ်။

မှန်ပါတယ်။ ပရွမ်ဆန်နန်းကို ထွန်းထွန်းမင်းအလဲထိုးနိုင်ခဲ့ရင် ခမာမြေဆီးဂိမ်းမို့လို့ ဒိုင်ဘက်လိုက်လို့ရှုံးရတယ်ဆိုတာကို ချေဖျက်ပြီးဖြစ်သွားမဲ့အပြင် ခမာမြေမှာ မြန်မာတွေထင်သလောက်မညံ့ဘူးလို့ သက်သေပါပြနိုင်ပြီး ရာမန့်အရှုံးပါ ချေဖျက်သွားမှာပါ။ ဒါပေမဲ့ ပရွမ်ဆန်နန်းကသာ ထွန်းထွန်းမင်းကိုထပ်နိုင်သွားရင်ဖြစ်ဖြစ် သရေကျရင်ပဲဖြစ်ဖြစ် ခမာတွေဘက်ထိုးဖောက်လာတဲ့မြန်မာတွေက ကြားပွဲလောက်ပဲဖိတ်ဖို့အဆင့်တွေလို့ဖြစ်သွားမှာဖြစ်သလို ထွန်းထွန်းမင်းအဖို့လည်း မိအေးနှစ်ခါနာရရင်တော့ ဒေ့ဗ်အပေါ်စီးကပြောသမျှ ငုံ့ခံရတဲ့ဘဝကို ပရွမ်ဆန်နန်းဆီမှာ ထပ်ကြုံရမှာပါ။

ကျော်စွာဝင်း ထိုးသတ်ရမဲ့ Petchburapha ကလည်းအဆင့်တစ်ခုရှိတဲ့မွေထိုင်းဖိုက်တာဖြစ်သလို ခြေကန်ချက်တွေ၊ ဒူးတွေ၊ တံတောင်တွေ အားပါပြင်းထန်တဲ့ကစားပုံရှိတာမို့ ကျော်စွာဝင်းအနေနဲ့ သတိပြုထိုးသတ်ရမှာ။ မြန်မာ့ချန်ပီယံသွေးသစ်ဝင်းလှိုင်ကို သရေကစားထားနိုင်ပေမဲ့ ခမာမြေမှာ အနိမ့်ပွဲကစားရတဲ့ ကျော်စွာဝင်း အစွမ်းပြဖို့လိုသလို အမှတ်နဲ့ နိုင်သွားရင်လည်း ကြားပွဲအဆင့်ပဲထိုးသတ်ရတာဖြစ်လို့ တခုပ်တရသတိပြုခံရမှာမဟုတ်လို့ သူ့အစွမ်းကို ခမာတွေသိပြီး လက်ခံဖို့ဆို စောစောစီးစီးအလဲထိုးနိုင်ဖို့လိုပြီး ဒါမှလည်း ခမာပရိသတ်ရင်ထဲ အဲမွီတို့ ရာမန်တို့အရှုံးကို ကာမိစေမှာ၊ မြန်မာ့ဖိုက်တာတွေထဲ ဒီလိုလူစွာတွေလည်းရှိတယ်ဆိုတာ သတိပြုမိစေမှာပါ။

ဘာပဲပြောပြော ဒီည ၇ နာရီခွဲလောက် ခမာမြေမှာ ထိုးသတ်ကြတော့မဲ့ မကျေပွဲမှာ မြန်မာ့ကိုယ်စားပြုလက်ဝှေ့ကျော်နှစ်ယောက် ဘယ်လောက်အစွယ်ချွန်လာမလဲဆိုတာနဲ့ ရာမာန်တို့ အဲမွီတို့အရှုံးကို ဘယ်လိုချေဖျက်ပြမလဲဆိုတာပဲ မြန်မာပရိသတ်က တွေးဆအားပေးနေကြတာဖြစ်ပြီး ဒီနှစ်ယောက်သာ ခမာမြေမှာ ထပ်ရှုံးရင်တော့ဖြင့်…..။

Leave a Reply

Your email address will not be published. Required fields are marked *