၂၉. ၂. ၂၀၂၄
Written by Thettant

စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချသူ အမျိုးသားငါးဦးကို တာမွေမြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၄ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးဒေါင့်ကန်လမ်းတွင် ငြိမ်းချမ်း မောင်းနှင်ပြီး ဇော်လှိုင်ဦး(ခ)အာကာနှင့် နေဇော်ဦးတို့ လိုက်ပါလာသည့် MITSUBISHI အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၇၈၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

တရားခံကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်း ချသူ ကျော်နိုင်အား ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်အနီးတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၆ နာရီခွဲအချိန်တွင် ကျော်နိုင် နေထိုင်သည့် တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇၅ သိန်း)နှင့် ဖမ်းမိခဲ့ပြီး ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ပူးပေါင်းပါဝင်သူ ကျော်မြင့်ဦးအား ဗဟန်းမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးများဖြန့်ဖြူးရောင်းချနေသူငြိမ်းချမ်း(၃၈)နှစ်၊ ဇော်လှိုင်ဦး(ခ)အာကာ(၃၅)နှစ်၊ နေဇော်ဦး(၃၆)နှစ်၊ ကျော်နိုင်(၃၇)နှစ်နှင့် ကျော်မြင့်ဦး(၄၆)နှစ်တို့အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *