တိုက်ကြီးတွင်လည်း ထမင်းပေါင်းအိုးအပူလွန်ရာမှ မီးလောင်၍ နေအိမ် ၃ လုံး ဆုံးရှုံးခဲ့ရ

၂၉. ၂. ၂၀၂၄
Written by KL

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁၈/D)၊ ကျွန်းရွှေမြိုင်လမ်းတွင် ဖေဖော်ဝါရီ ၂၉ရက် နံနက်ပိုင်းက ပန်ကာ​မော်တာ အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နေအိမ်တစ်လုံးတွင် ပန်ကာဖွင့်ထားရာမှ မော်တာအပူလွန်ကဲပြီး အနီးရှိ ဆိုဖာပေါ်သို့ မီးပွားကျ၍ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နေအိမ် ၃ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် အသက် ၆၁ နှစ်အရွယ် အမျိုးသားကြီးကို ပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ လူနေအိမ် ၃ လုံး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မင်္ဂလာ(၃)လမ်းတွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အလျား ၁၂​ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်းနေအိမ်တွင် ထမင်းပေါင်းအိုး တည်ထားရာမှာ ခလုတ်ပျက်စီးကာ အပူလွန်ကဲရာမှ အောက်ရှိ စားပွဲခုံနှင့် အဝတ်ပုံများပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

ထို မီးလောင်မှုကြောင့် အလျား ၁၂ ပေ၊ အနံ ၁၈ ပေ ရှိသော သွပ်မိုး၊ ထရံကာပျဥ်ခင်းနေအိမ် ၁ လုံး၊ သွပ်မိုး၊ ပျဥ်ကာပျဥ်ခင်းနေအိမ် ၁ လုံးနှင့် အလျား ၁၈ ပေ၊ အနံ ၂၄ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း ၁ ထပ်နေအိမ် ၁ လုံးနှင့် အတွင်းပစ္စည်းတို့ မီးလောင်ဆုံးရှုံးခဲ့၍ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးကြီးကို တိုက်ကြီးမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ပုံစာ။ တောင်ဒဂုံနှင့်တိုက်ကြီးတွင် နေအိမ်များမီးလောင်မှုမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *