၂၉. ၂. ၂၀၂၄
Written by Ye Kyaw

မတ်လ ၁ ရက်တွင် ကျင်းပမည့် အကြိမ် (၆၀) မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၄ ဒသမ ၉၀၉ ဘီလျံရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

မတ်လ ၁ ရက်တွင် ကျင်းပမည့် အကြိမ် ၆၀ မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဇ” အက္ခရာအထိ စုစုပေါင်း အက္ခရာ ၈ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းဖြစ်သော ခွဲဝေရောင်းချရာတွင် ထီစာအုပ် ၄၉၀၉၁၂ အုပ်အား ရောင်းချနိုင်ခဲ့ခြင်းဖြစ်၍ ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၄၉၀၉ ဒသမ ၁၂၀ သန်း (၄ ဒသမ ၉ ဘီလျံကျော်) ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း ၃၄၃၆ ဒသမ ၃၈၄ (ကျပ် ၃ ဒသမ ၄ ဘီလျံကျော်) ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အကြိမ် ၆၀ မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ နှစ်ဆု၊ ကျပ်သိန်းတစ်ရာ ငါးဆု၊ ကျပ်သိန်းငါးဆယ် ရှစ်ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၂ ဆု၊ ကျပ်ဆယ်သိန်း ၁၃ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၃,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ထို့အတူ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့အား ၅၅ ကြိမ်မြောက်မှစ၍ သီးခြားစီဖွင့်လှစ်ပေးခဲ့ပြီး အကြိမ် ၆၀ မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို ဖေဖော်ဝါရီ ၂၈ ရက် ည ၁၂ နာရီမတိုင်မီအထိ ရောင်းချခဲ့သည်။ ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိ‌ပေးကြေညာထားသည်။

အကြိမ် ၆၀ မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက် နံနက် ၈ နာရီအချိန်တွင် လည်းကောင်း၊ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် ၁၀ နာရီတွင်လည်းကောင်း ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကျင်းပသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *