၂၉. ၂. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူနေတဲ့ AA က စစ်တွေမြို့ကိုလည်း ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒီမနက်မှာ စစ်တွေမြို့ကိုရီးယားဆိပ်ကမ်းအနီးက မြို့မစျေး ဟင်းရွက်သားငါးပျံကျစျေးတန်းထဲ လက်နက်ကြီးကျည်ကျပြီး အနည်းဆုံး ၁၃ ဦးသေခဲ့သလို ဒဏ်ရာရသူ ၃၂ ဦးအထိရှိခဲ့ပြီး အဲဒီလိုဒဏ်ရာရသူတွေထဲမှာလည်း ပြင်းထန်ဒဏ်ရာရသူတွေများနေတာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့လည်း ဒေသခံတွေဆီက ကနဦး သိရပါတယ်။

ဒီမနက် ၈ နာရီခန့်မှာ ကိုရီးယားဆိပ်ကမ်းအနီးက ဟင်းရွက်သားငါးစျေးထဲ လက်နက်ကြီးကျည်နှစ်လုံးကျခဲ့ပြီး ချက်ပြုတ်ဖို့ဝယ်ယူကြတဲ့ စျေးစည်ကားချိန်ဖြစ်နေလို့လည်း ရခိုင်ပြည်သူသေဆုံးဒဏ်ရာရမှုများခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိကူညီစစ်ဆေးနေသလို ဖြစ်စဥ်နေရာကိုလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

AA ဟာ ရခိုင်မြောက်ပိုင်းက မြို့ခုနစ်မြို့ကို သိမ်းအပြီးမှာ မြို့တော်စစ်တွေကို တိုက်ခိုက်ဖို့ပြင်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ရသေ့တောင် စစ်တွေ ရေလမ်းကို နှစ်လကြာသွားလာခွင့်ပိတ်အပြီးမှာပဲ ဖေဖော်ဝါရီ ၁၉ ရက်မှာ ကိုရီးယားဆိပ်ကမ်းက ဗုံးကွဲခဲ့သေးတာဖြစ်ပြီး အခုဖြစ်စဥ်ကတော့ လူအသေအပျောက်များခဲ့တာပါ။ စစ်တွေမြို့က တပ်ရင်းတွေဟာ မြို့အဝင်မှာရှိနေတာကြောင့် မြို့ကိုပိတ်ဆို့ထားတဲ့ AA က မြို့အဝင်စစ်တပ်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပြီး ဒီဖြစ်စဥ်အပေါ် အပြန်အလှန်စွပ်စွဲနေကြတာဖြစ်ပါတယ်။

ဒီဖြစ်စဥ်မှာ AA ဘက်က ထုတ်ပြန်ချက် ထွက်မလာသေးသလို အစိုးရဘက်ကလည်း ဖြေရှင်းချက်မထွက်လာသေးဘဲ MT News သတင်းဌာနအနေနဲ့လည်း ဆက်လက်အတည်ပြုဆဲသာဖြစ်ပြီး တာဝန်ရှိသူတွေ အတည်ပြု ထုတ်ပြန်လာရင် ဆက်လက်ဖော်ပြပေးပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *