ပြည်ပသို့ တင်ပို့မည့် ရုရှားနိုင်ငံထွက် ရေနံများကိုတင်ဆောင်လာသော ရေနံတင်သင်္ဘောတစ်စီးအားတွေ့ရစဉ်

MT News

Translated by Htwe Ko Tun

G7 အုပ်စုက ရုရှားနိုင်ငံ၏ ပင်လယ်ရေကြောင်းမှတင်ပို့နေသော ရေနံများကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ ဖြင့်သာရောင်းချသွားရန် ဈေးနှုန်းသတ်မှတ်ခဲ့မှုက ဒီဇင်ဘာလ ၅ ရက်မှစ၍အကျိုးသက်ရောက်မည်ဖြစ်သော်လည်း ရုရှားအစိုးရက ၎င်းအနေနှင့်ရေနံထုတ်လုပ်မှုကို လျှော့ချဖြတ်တောက်မှုပြုခဲ့ရသည့်တိုင် အဆိုပါသတ်မှတ်ချက်အတိုင်းလိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း၊ ဈေးကွက်ပေါက်ဈေးဖြင့်သာရောင်းချသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အနောက်အုပ်စုနိုင်ငံများဖြစ်သော G7 အုပ်စုဝင်နိုင်ငံများ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် သြစတြေးလျတို့က ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားအစိုးရ၏ ငွေကြေးထောက်ပံ့ကုန်ကျခံနိုင်မှုကို ကျဆင်းစေရန်အတွက် ၎င်းတို့နိုင်ငံများသို့ တင်ပို့မည့် ရုရှားရေနံဈေးနှုန်းကို ထိုကဲ့သို့ ကန့်သတ်မှုပြုရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာ့ဒုတိယအကြီးမားဆုံး ရေနံတင်ပို့သူနိုင်ငံဖြစ်သည့် ရုရှားကမူ ထိုကဲ့သို့ ၎င်း၏ရေနံဈေးနှုန်းကန့်သတ်မှုအပေါ် လက်ခံမည်မဟုတ်ကြောင်း ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားအစိုးရက အကယ်၍ ၎င်းအနေနှင့် လက်ရှိရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ရသည့်တိုင် ထိုသို့ဈေးနှုန်းသတ်မှတ်သည့်နိုင်ငံများကို လုံးဝရောင်းချသွားမည်မဟုတ်ဟုလည်း ပြောခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် ဆိုက်ဘေးရီးယားနယ်တွင် တွေ့ရှိခဲ့သော ရေနံနှင့် သဘာဓာတ်ငွေ့များကို ဥရောပတိုက်သို့ ရောင်းချမှုက ရုရှားနိုင်ငံအတွက် အဓိကနိုင်ငံခြားဝင်ငွေရပေါက်ရလမ်းတစ်ခု ဖြစ်သည်။ လက်ရှိတွင် ရုရှားက ရေနံတစ်စည်လျှင် ၆၇ ဒေါ်လာဖြင့် ရောင်းချနေခြင်းကို ၆၀ ဒေါ်လာသို့ ပြောင်းလဲသတ်မှတ်ခြင်းက များစွာနိမ့်ကျသွားခြင်းမရှိကြောင်း G7 နှင့် ဥရောပသမဂ္ဂနိုင်ငံများက ပြောခဲ့ကြသည်။

ထိုသို့ ရုရှားနိုင်ငံ၏ ရေနံဈေးနှုန်းကို အနောက်အုပ်စုနိုင်ငံများက သတ်မှတ်မှုပြုခဲ့ခြင်းအား တရုတ်အစိုးရပြောရေး ဆိုခွင့်ရှိသူ မော်နင်းက ဒီဇင်ဘာ ၅ ရက်တွင်ဝေဖန်ခဲ့သည်။

၎င်းက ကမ္ဘာတွင်အဓိကလိုအပ်နေသော ကုန်ပစ္စည်းတစ်ခုဖြစ်သည့် ရေနံထွက်ကုန်ထောက်ပံ့ရေးအာမခံနိုင်ရန်နှင့် ကောင်းစွာလုံခြုံစိတ်ချရမှုရှိစေရန် နိုင်ငံအားလုံးက အပြုသဘောအားထုတ်မှုများဖြင့် ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ ရေနံဈေးနှုန်းကို သတ်မှတ်မှုပြုသည့် အနောက်နိုင်ငံများ၏ ဆောင်ရွက်ချက်တွင် တရုတ်နိုင်ငံအနေနှင့် ပါဝင်မည်လောဟု မေးမြန်းရာတွင် မော်နင်းက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လေးစားမှုနှင့် အပြန်အလှန်အကျိုးရှိမှုအပေါ်အခြေခံကာ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်နေကြသောနိုင်ငံများဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

Ref—-Reuters, Sputnik news

Leave a Reply

Your email address will not be published. Required fields are marked *

Related News