MT News

၁၆. ၂. ၂၀၂၄

ဒီ သောကြာညမှာ ကျင်းပမဲ့ One Friday Fight-52 ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးနဲ့ သန့်ဇင်တို့ရဲ့ ပွဲစဉ်တွေ ပါဝင်လာပြီး ပထမဆုံးထိုးသတ်ရတဲ့ပွဲမှာ သံမဏိစိုးလင်းဦးက ဂျပန်ဖိုက်တာကို အလဲထိုး အနိုင်ရသွားခဲ့ပါတယ်။

One Championship က အပတ်စဥ်ကျင်းပတဲ့ One Friday Fight မှာ ပထမဆုံး မြန်မာဖိုက်တာနှစ်ဦးကို ထည်သွင်းထိုးသတ်စေတာဖြစ်သလို ပြီးခဲ့တဲ့ One Friday Fight 50 မှာ အီတလီနိုင်ငံသားနဲ့ ထိုးသတ်ရမဲ့ စိုးလင်းဦးဟာ အီတလီမွေထိုင်းဖိုက်တာ ဒဏ်ရာကြောင့် နုတ်ထွက်သွားလို့ ပြိုင်ဘက် အပြောင်းအလဲဖြစ်ခဲ့ပြီး အခု ထိုးသတ်တဲ့ ပြိုင်ဘက်က အသက် ၃၀ အရွယ် ဂျပန်ဖိုက်တာ Masayoshi Tsuhashi ပါ။ ဆူဟာရှီက အရပ်အမြင့် ၅ပေ ၁၀ လက်မရှိပြီး သူဟာ မွေထိုင်းပွဲ ၇ ပွဲထိုးထားရာမှာ ၄ ပွဲအထိ ရှုံးထားပါတယ်။

အစွယ်ချွန်လို့ နယ်ကျွံပေမဲ့ နယ်မြေသစ်မှာ ပထမဆုံးထိုးသတ်ရတဲ့ သံမဏိစိုးလင်းဦးဟာ ခြေလှမ်းအစမှာ အောက်ပွဲနဲ့ စထိုးရပေမဲ့ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြီး ဂျပန်ဖိုက်တာကို အလဲထိုးခဲ့တာပါ။ မြန်မာဖိုက်တာတွေဟာ မာဂုဏ်ကိုအားပြုပြီး သတ်လုံးမစုံတာမို့လို့ အမှတ်ပွဲတွေမှာ မာဂုဏ်ပြဖို့ထိုးသတ်ချိန် အထိုးခံနေတာက ပြိုင်ဘက်ကိုအမှတ်နဲ့ရှုံးဖို့လုံလောက်နေတာဖြစ်ပြီး စိုးလင်းဦးကလည်း သံမဏိဆိုတဲ့အမည်ရအောင် အထိုးခံမာဂုဏ်မြင့်တာမို့ ဆူဟာရှီကို အလဲမထိုးနိုင်ရင်ရှုံးမလား တွေးထင်ခဲ့ကြတာပါ။

စိုးလင်းဦးထက် ခြေတံလက်တံရှည်တဲ့ ဆူဟာရှီက သူ့ရဲ့အားသာချက်အသုံးချပြီး အဝေးကနေ ကန်ချက်တွေနဲ့လက်သီးတွေ၊ ဒူးတွေ၊ တံတောင်တွေသတ်လုံးစုံထိုးသတ်ခဲ့တာမို့ ပထမအချီမှာ ဖင်ထိုင်ကျတဲ့စိုးလင်းဦးက အနိမ့်ဖြစ်ခဲ့တာပါ။

ဒုတိယအချီကတော့ စိုးလင်းဦးကို ဘီလူးစီးသွားခဲ့ပါတယ်။ ပထမအချီလို ဆူဟာရှီကို စိတ်ကြိုက်ထိုးသတ်ခွင့်မပေးတော့ဘဲ အတင်းဝင်ပူးပြီး သတ်ကွက်ပေါင်းစုံနဲ့ တရစပ်ထိုးသတ်ခဲ့တာကြောင့် သုံးကြိမ်ထက်မနည်းဖင်ထိုင်ကျတဲ့ ဂျပန်ဖိုက်တာ သုံးမိနစ်လုံး စိုးလင်းဦးထိုးတာ ခံလိုက်ရတာပါ။

တတိယအချီမှာ ဂျပန်ဖိုက်တာဟာ ခွာထိုးဖို့ကြိုးစားပေမဲ့ ဘီလူးစီးနေတဲ့ စိုးလင်းဦးက Body Shot တွေ၊ ဒူးတိုက်ချက်တွေ၊ ဘယ်ဝိုက်ညာဝိုက်လက်သီးချက်တွေနဲ့ ပွဲသိမ်းခဲ့တာပါ။

ဒီနေ့ပွဲမှာ စိုးလင်းဦးဟာ Man of Steel ဆိုတာကို သက်သေပြနိုင်ခဲ့သလို ထိုင်းပရိသတ်တွေရဲ့ အသည်းကိုဆုပ်ကိုင်နိုင်ခဲ့တဲ့အပြင် အဖွင့်ပွဲမှာတင် ချတ္ထရီဆုချတဲ့ ဘတ် သုံးသိန်းခွဲလည်း ဆွတ်ခူးရရှိသွားခဲ့ပြီး မြန်မာ့ဂုဏ် ဆောင်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *