၂၄. ၂. ၂၀၂၄
Written by Nay Aung

ထိုင်းအစိုးရနှင့် လုံခြုံရေးအဖွဲ့များသည် မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်သူများကို ကူညီထောက်ပံ့ပေးနေသော ထိုင်းနိုင်ငံပိုင်နက်အတွင်းရှိ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလွန်ဆန်က မဲဆောက်မြို့ Ban Mae Kon Ken အရပ်ဒေသရှိ ထိုင်းစစ်အခြေစိုက်စခန်းကို လာရောက်စစ်ဆေးချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့များသည် ထိုင်းနှင့်မြန်မာနိုင်ငံနယ်စပ်ဒေသ လုံခြုံရေးအပြင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းခြင်း ကဲ့သို့သော နယ်စပ်ဖြတ်ကျော်ပြီး လုပ်ဆောင်သော တရားမဝင်လုပ်ကိုင်မှုများကို ဖြိုခွင်းနိုင်ရန်ကြိုးပမ်းနေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင်ရှိနေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၊ ပြည်သူစစ်များနှင့်ထိုင်းစစ်သားများ အကျိုး ကျေးဇူးပိုမိုကောင်းမွန်စေရန်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ထိုင်းကာကွယ်ရေးဝန်ကြီးက မြန်မာ နိုင်ငံတွင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာတိမ်းရှောင်လာသူအရေအတွက်က မြင့်မားမှုမရှိကြောင်း၊ အဆိုပါနေရပ်စွန့်ခွာတိမ်းရှောင်သူများ မကြာခင် ပြန်မည်ဟုမျှော်လင့်ထားကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောသီတင်းပတ်အတွင်း စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်းကြေညာခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာသော မြန်မာနိုင်ငံသားအရေအတွက် များပြားမည်ဟု မမျှော်လင့်ကြောင်း ထိုင်းနိုင်ငံတွင် နှစ်အတန်ကြာနေထိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။

ထိုင်းလုံခြုံရေးအဖွဲ့များအနေဖြင့် လက်ရှိအချိန်တွင် နယ်စပ်ဒေသအခြေအနေများကို ထိန်းချုပ်ထားနိုင်ကြောင်း၊ မြန်မာ နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို မြန်မာအစိုးရအပေါ် ဆန့်ကျင်သော လုပ်ရပ်များဘယ်တော့မှ ခွင့်မပြုရန် အရေးကြီးကြောင်း၊ ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရကို ဆန့်ကျင်နေသည့် ထိုင်းနိုင်ငံပိုင်းအတွင်းရှိ မြန်မာနိုင်ငံသားများနှင့်ပတ်သက်ပြီး တိကျသောအစီအမံများလုပ်ဆောင်ရန်လိုအပ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။

Ref bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *

Related News