၅-၁၂-၂၀၂၂
MT News Editorial

ယနေ့သည် အပြည်ပြည်ဆိုင်ရာစေတနာ့ဝန်ထမ်းနေ့ (International Volunteer Day) ဖြစ်ပေသည်။

စေတနာ့ဝန်ထမ်းဆိုသည်မှာ “တစ်စုံတစ်ဦး သို့မဟုတ် အုပ်စုတစ်ခုခုက ငွေကြေးရယူခြင်းမရှိဘဲ အခြားလူပုဂ္ဂိုလ်၊ အုပ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား အကျိုးရှိစေရန် ဆောင်ရွက်ပေးသူများ” ဟုလည်း ဖွင့်ဆိုသတ်မှတ်ကြသည်ကို တွေ့ရမည်ဖြစ်သည်။

၁၉၈၅ ခုနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝန်းလုံးမှ စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုရန်နှင့် စေတနာ့ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကြောင့် အကျိုးသက်ရောက်မှုများစွာကို ကမ္ဘာသို့အလင်းပြရန်အတွက် နှစ်စဉ် ဒီဇင်ဘာ ၅ ရက်နေ့တိုင်းတွင် ကျင်းပခဲ့သည်မှာ ယခုနှစ်အတွက်ဆိုပါက ၃၇ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “စည်းလုံးညီညွတ်မှုဖြင့် စေတနာ့ဝန်ထမ်းဆောင်ရွက်ခြင်း” (Solidarity through Volunteering)ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်နှစ်များဆီက အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့ကို အရပ်ဘက်အဖွဲ့အစည်းများက ကျင်းပကြသော်လည်း ယခုနှစ်တွင်မတော့ နိုင်ငံရေးအကျပ်အတည်းများကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အသံနှုတ်ဆိတ်နေရပေသည်။ ထို့အတူ အရပ်ဘက်အဖွဲ့အစည်းများ စေတနာ့ဝန်ထမ်းဆောင်ရွက်မှုများကို သူလျှို၊ ဒလန်ဟု သတ်မှတ်ကာ ဖမ်းဆီးသတ်ဖြတ်မှုပြုနေသည့် အခိုက်အတန့်လည်း ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာစေတနာ့ ဝန်ထမ်းနေ့သည်လည်း တိတ်ဆိတ်နေရပေသည်။

ဆင်းရဲနွမ်းပါးမှုများပြားသော မြန်မာနိုင်ငံတွင် အစိုးရ၏ အသုံးစရိတ်များ အကန့်အသတ်ရှိနေသည့်အတွက် လူထု၏ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး စသည့် ကဏ္ဍများတွင် ပြည်သူများ၏ ကိုယ်ထူကိုယ်ထ စွမ်းအားများဖြင့် ဝင်ရောက်ရုန်းကန်ရန် လိုအပ်ပေသည်။ ထိုသို့သော လိုအပ်ရာကဏ္ဍများအတွက် ပရဟိတစိတ်ရှိသူ စေတနာ့ဝန်ထမ်းများ၏ ဦးဆောင်မှုများဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်ကြရပေသည်။

စေတနာ့ဝန်ထမ်းများကြောင့်သည်ပင် လူတချို့၏ အနာဂတ်များ ကောင်းမွန်စွာပြောင်းလဲခဲ့သလို ထိခိုက်လွယ်သူများ၏ အသံကိုလည်း အားကောင်းစေသည့်အတွက် စေတနာ့ဝန်ထမ်းပရဟိတသမားများအား ဒလန်၊ သူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်လက် မပြုလုပ်ကြပါရန်လည်း MT News သတင်းဌာနက တိုက်တွန်းတောင်းဆိုလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *