၃. ၁၂. ၂၀၂၂

Written by Tha Doe

မြန်မာ့ကော်ဖီစျေးကွက်ရရှိရေး စီမံ​ဆောင်ရွက်ပေးမည့်အပြင် ချေးငွေလည်း ထုတ်ချေးပေးမည်ဟု SAC ဥက္ကဋ္ဌက ဒီဇင်ဘာ ၂ ရက်တွင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ​ပြောကြားခဲ့​ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကော်ဖီစီမံကိန်းကို တပ်မတော်အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါစီမံကိန်းအောင်မြင်စေရန်အတွက် မိမိတာဝန်ယူဆောင်ရွက်ချိန်တွင် ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကော်ဖီစီမံကိန်းမြေများတွင် ကော်ဖီစိုက်ဧကများအလိုက် ပြည့်ဝစွာစိုက်ပျိုးရန်နှင့် စည်းကမ်း တကျရှိစေရေး စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ဆိုသည်။

ပြင်ဦးလွင်ဒေသကော်ဖီစိုက်ပျိုးရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်သွားမည်ဖြစ်ပြီး ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်သည့် ECO Tourism ဖြစ်မြောက်စေရေးနှင့် အခွန်ကိစ္စများကို စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကာ GAP လက်မှတ်များကို စည်းကမ်းနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိ၍ အလေ့အကျင့်ကောင်းများ ရရှိလာသည်နှင့်အညီ ဖြေလျှော့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

တစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧက ၄၉၀၀၀ ခန့်ရှိပြီး တစ်ဧကအထွက် နှုန်း တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ရရှိလာသည့် အကျိုးအမြတ်သည် ကွာခြားသွားမည်ဖြစ်သည်။ စိုက်ဧကတိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းကို ပိုမိုအားပေးလိုပြီး အထွက်နှုန်းများ တိုးတက်လာမည်ဆိုပါက ကော်ဖီမှရရှိသည့် ငွေကြေးများစွာတိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးတောင်သူများ၏ တစ်ဦးချင်းဝင်ငွေများတိုးတက်လာမည် ဖြစ်သကဲ့သို့ နိုင်ငံ့ ဝင်ငွေလည်းတိုးတက်လာမည်ဖြစ်သည်။ ကော်ဖီထွက်ကုန်များကို ပြည်ပသို့တင်ပို့ နိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများလည်း တိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်း၌ပင် တန်ဖိုးမြင့်ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ပါက ယခု ထက်ပိုမို အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှတစ်ဆင့်ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်သည်။ မြန်မာ့ကော်ဖီဈေးကွက်ရရှိရေး မိမိ အနေဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် ကြော်ငြာခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လို ကြောင်း၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်ရေးအတွက်လည်း ထုတ်လုပ်မှုများကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုကို သာမက ပြည်ပသို့တင်ပို့မှုအတွက်ပါ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန် လိုကြောင်း၊ GAP နှင့် ISO လက်မှတ်များလည်း ရရှိအောင် လုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ချေးငွေများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် ကော်ဖီစိုက်ပျိုး ရေးလုပ်ငန်းများအတွက်လည်း ထိုက်သင့် သည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်

ပြည်ပမှ စက်သုံးဆီနှင့်စားသုံးဆီများနှစ်စဉ် တင်သွင်းနေရသလို စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို ပြည်ပမှ တင်သွင်းရခြင်းဖြစ်သည်။ ထို့အတွက် ပြည်တွင်း၌ ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ သဘာဝ မြေဩဇာများ အသုံးပြုရန်လည်း တိုက်တွန်းလိုကြောင်းနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *