၃.၁၂.၂၀၂၂
Written By A Thaung

လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ လျှပ်စစ်ကားတင်သွင်းထုတ်လုပ်ခွင့် လျှောက်လွှာများအား စတင်လက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်တစ်ဦးက MT News သို့ ပြောသည်။

ပြည်တွင်းသို့ လျှပ်စစ်ကားတင်သွင်းရောင်းချခြင်း၊ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်မည့် ကုမ္ပဏီများအနေဖြင့် တင်သွင်းထုတ်လုပ်ခွင့်ဆိုင်ရာလျှောက်လွှာများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“SKD ပဲလုပ်လုပ်၊ အစီးလိုက်သွင်းတာပဲလုပ်လုပ် အားလုံးစီးကူးမှာလျှောက်ကြရမှာပါ။ အရင်ကတင်သွင်းထုတ်လုပ်ဖို့ ကော်မတီကိုတင်ပြထားတဲ့ ကုမ္ပဏီတွေအားလုံး အဲ့ဒီမှာပဲလျှောက်လွှာတင်ပြီး လျှောက်ကြရမှာပါ” ဟု အဆိုပါကော်မတီဝင်က ပြောသည်။

လျှပ်စစ်ကားတင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်ရရှိရန် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြထားသည့် ကုမ္ပဏီ ၂၆ ခုရှိနေကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲတွင် ပြောကြားထားသည်။

တင်သွင်းထုတ်လုပ်ခွင့်လျှောက်ထားမည့် ကုမ္ပဏီများအနေဖြင့် လျှောက်ထားရာတွင် မှန်ကန်တိကျစေရန်အတွက် မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းမှ အပြည့်အဝကူညီမည်ဖြစ်ကြောင်း အသင်းဥက္ကဌဖြစ်သူ ဦးဇော်ထိုက်အေးက ပြောသည်။

လျှပ်စစ်ကားတင်သွင်းထုတ်လုပ်ရောင်းချမည့် ကုမ္ပဏီများကို အစိုးရမှအထူးမက်လုံးများပေးမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *