ယာဥ်တိမ်းမှောက်မှုမြင်ကွင်းနှင့် နစ်နာကြေးရရှိရေးဆွေးနွေးနေမှုကို တွေ့ရစဥ်

MT News

Written by Nay Aung

နိုဝင်ဘာ ၂၉ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ ဆောင်ခလာဒေသ ဟတ်ရိုင်မြို့ရှိ Doi Ruak လမ်းကွေ့တွင် ဖြစ်ပွားခဲ့သော ယာဥ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့သော မြန်မာစက်ရုံအလုပ်သမားများအနေဖြင့် ထိုင်းဘတ်သန်းချီလျော်ကြေးများရဖွယ်ရှိနေကြောင်း ထိုင်းအခြေစိုက် Mgronline သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ယာဥ်မတော်တဆဖြစ်ပွားခဲ့သော ကားသည် Viriyah Insurance ကုမ္ပဏီတွင် အာမခံတင်ထားသည့် အတွက်ကုမ္ပဏီက အာမခံကြေးအဖြစ် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား နှစ်ဦးကို ဘတ်တစ်သန်းစီပေးသွားမည်ဖြစ်သော်လည်း ထိုင်း ကားသမားက ပြစ်မှုကျူးလွန်ခြင်းရှိခဲ့သဖြင့် လျော်ကြေးငွေရမည်မဟုတ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံ မဲဆောက်ဒေသရှိစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများသည် ဆောင်ခလာဒေသသို့ သွားရောက်ချိန်တွင် ကားသည် ဆောင်ခလာဒေသ ဟတ်ရိုင်မြို့ရှိ Doi Ruak လမ်းကွေ့အရောက်တွင်ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ ကားလမ်းဘေးကို ထိုးကျသွားခဲ့ပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၇ ဦးထဲတွင်ထိုင်းကားသမားတစ်ဦးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးသေဆုံးသွားခဲ့ကာ မြန်မာနိုင်ငံသား စက်ရုံအလုပ်သမား ၄၄ ဦးဒဏ်ရာသွားခဲ့ကြောင်းသိရသည်။

အဆိုပါမြန်မာနိုင်ငံသားစက်ရုံအလုပ်သမားများသည် ၂ နိုင်ငံအစိုးရကြား သဘောတူညီထားသည့် MOU ဖြင့် ထိုင်းစက်ရုံတွင် အလုပ်လာလုပ်သူများဖြစ်ကြောင်း၊ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာ သံရုံးတာဝန်ရှိသူများ၊ မဲဆောက်ဒေသရှိ မြန်မာအလုပ်သမားရုံးမှ တာဝန်ရှိသူများသည် ထိုင်းအာဏာပိုင်များနှင့်အတူသွားရောက်ခဲ့ပြီး သေဆုံး၊ဒဏ်ရာရခဲ့သူများကို အကူညီပေးရန် စီစဉ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ထိုင်းလျော်ကြေးဥပေဒအရ ထိုင်းအစိုးရက သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားစက်ရုံအလုပ်သမားတစ်ဦးကို ဘတ် ငါးသိန်း ထပ်မံ လျော်ကြေးရမည်ဖြစ်သလို သေဆုံးသွားသော ထိုင်းကားသမားအတွက် နာရေးစရိတ်အဖြစ် ထိုင်း ဘတ်ငွေ ၃၅၀၀၀ ရဖွယ်ရှိနေကြောင်းသိရသည်။

ကားမှောက်မှုကြောင့် ဆေးရုံတက်ကုသခဲ့ရသူများအတွက် ဆေးကုသစရိတ်အဖြစ် ထိုင်းဘတ် ၈ သောင်းပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။ တာ့ချ်ခရိုင် ရဲတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲမှူးကြီး Likitpong Srinarang ဦးဆောင်ပြီး ယာဥ်တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးခဲ့ရာ ကားသည်အရှိန်မြင့်မောင်းနှင်လာပြီး ရုတ်တရက် ဘရိတ်နင်းခဲ့ရာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *