Photo- Xinhua

MT News

Written by Ye Kyaw

တရုတ်နိုင်ငံအတွင်း COVID-19 Lockdown ချမှတ်ထားခြင်းကြောင့် တရုတ်ဘက်မှ ၀ယ်ယူမှုလျော့ကျနေသဖြင့် ဖရဲ၊ သခွား တင်ပို့မှု ယခင်ထက် ၉၀ ရာခိုင်နှုန်းခန့်လျော့ကျသွားကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အခြေစိုက် သစ်သီးတင်ပို့သူများထံမှ သိရသည်။

“အခုက ကားအစီးရေ ၃၀ လောက်ပဲ ဝင်တော့တယ်။ အရင်ပုံမှန်အချိန်တုန်းက ကားအစီးရေ ၃၀၀ လောက်ဝင်တယ်။ အခုက အရင်ထက် ၁၀ ရာခိုင်နှုန်းလောက်ပဲ တင်ပို့နိုင်တော့တယ်” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တဆင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့နေသူတစ်ဦးက MT News သို့ ပြောသည်။

လက်ရှိအခြေအနေသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကို ဝယ်ယူမှုပိတ်ထားခြင်းမဟုတ်ဘဲ ၎င်းတို့နိုင်ငံအတွင်း COVID-19 Lockdown စည်းကမ်းချက်များကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဝယ်ယူမှုလျော့ကျနေခြင်းဖြစ်သည်။

“ဖရဲ၊ သခွားကတော့ ဈေးကွက်မကောင်းဘူး။ အထွက်နှုန်းလဲမကောင်းဘူး။ ကိုယ်ဘက်ခြမ်းကို ပိတ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ သူဘက်ခြမ်းက မြို့တွေကို ပိတ်ထားတော့ သွားရောင်းရမယ့်နေရာမရှိဘူး ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ဖရဲ၊ သခွား ဈေးကွက် ပြန်လည်ကောင်းမွန်ရန် တရုတ်နိုင်ငံ၏ မူဝါဒအပေါ်သာ မူတည်ပြီး ၎င်းနိုင်ငံအတွင်း အခြေအနေများ ပြန်လည်ကောင်းမွန်ပြီး ပုံမှန်ကုန်သွယ်မှုဆောင်ရွက်လာမည်ကိုသာ မျှော်လင့်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖရဲဈေး ၁ ဒသမ ၃ ယွမ်နှင့် သခွားဈေး ၂ ယွမ်ခန့်သာရှိတော့‌ကြောင်း၊ ဖရဲ၊ သခွားတင်ပို့ရာတွင် မြန်မာဘက် ဖရဲကားတစ်စီး ကုန်ကျစရိတ်အစအဆုံး ကျပ်သိန်း ၃၀ မှ ၄၀ ခန့်ရှိပြီး တရုတ်ဘက်ခြမ်းတွင် ကျပ်သိန်း ၂၀ မှ ၂၅ သိန်းခန့်ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *