၃၁. ၁. ၂၀၂၃
Written by Nyein Kyaw

ရှေးဟောင်းလက်ရာ ထူးခြားကျန်ရှိမှုအဆင့်နှင့် ဉာဏ်တော်မြင့်မားသည့် ပုဂံဘုရား ၁၁ ဆူကို မိုးကြိုးလွှဲများ တပ်ဆင်နေခြင်းဖြစ်ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပုဂံရှေးဟောင်း အဆောက်အအုံ ရွှေဆံတော်ဘုရားရင်ပြင်အား တူးဖော်နေမှုသည် ဘုရားကြီး မိုးကြိုးစက်ကွင်းမှလွတ်စေရန် မိုးကြိုးလွှဲတပ်ဆင်ခြင်းဖြစ်ပြီး တူးဖော်သည့် ကြမ်းခင်းသည် မူလကြမ်းခင်းမဟုတ်သည့် ခေတ်သစ်အုတ်၊ ကျောက်ပြားများဖြင့် ပြန်လည်စီခင်းထားသည့် နေရာကိုသာ တူးဖော်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ မိုးကြိုးလွှဲအပ်ကြိုး (ကြေးကြိုး) မြေမြှုပ်ရန် ဘုရားကြီး၏ ရင်ပြင်တော်ကို တူးဖော်နေသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး ရှေးဟောင်းအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်း၊ စနစ်တကျ ပြုပြင်ဆောင်ရွက်မှုများ မလုပ်ဆောင်ခြင်းဆိုသည့် သဘောထားမှတ်ချက်များနှင့် ပတ်သက်ပြီး SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း ပြန်လည်ထုတ်ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် ဖော်ပြထားသည့် ဓာတ်ပုံပါနေရာတွင် လိုင်းကျင်းတူးခြင်းကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးဧည့်သည် အများအပြားမရှိမီ လုပ်ငန်းမြန်ဆန်စေရေး လုပ်ငန်းခွင် အကာအရံ မပြုလုပ်ဘဲ တူးဖော်ခဲ့ခြင်းကြောင့် ယခုလို လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ယခုတူးဖော်ထားသော ရွှေဆံတော်ဘုရား၏ ကြမ်းခင်းများသည် မူလကြမ်းခင်းများ မဟုတ်ဘဲ ခေတ်သစ်အုတ်များနှင့် ကျောက်ပြားများဖြင့် ပြန်လည်စီခင်းထားသည့် ကြမ်းခင်းဖြစ်ပြီး မိုးကြိုးလွှဲအား ဘုရားပေါ်တွင် ထားရှိမည်ဆိုပါက ဘုရားဖူးလာဧည့်သည်များ အန္တရာယ်ရှိမည်ဖြစ်သည်။ ကြိုးလွှဲတပ်ဆင်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှစတင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါကြိုးအား မြေမြှုပ်ရန်အတွက် အကျယ် ၆ လက်မ၊ နက် ၈ လက်မ၊ ဘုရားရင်ပြင်တွင် အလျား၂၄ ပေ၊ မြေပြင်တွင် အလျား ၆ ပေ လိုင်းကျင်းတူးခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်တွင် ကွင်းဆင်းစစ်ဆေးချက်အရ လိုင်းကျင်းတွင် အပ်ကြိုး(ကြေးကြိုး) အား မြေမြှုပ်ပြီးဖြစ်၍ နဂိုမူလကြမ်းခင်းအတိုင်း အုတ်များပြန်လည်စီထားပြီးဖြစ်ကြောင်း၊ ရွှေဆံတော်ဘုရား မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်းအား ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ဘုရားတစ်ဆူလုံး မိုးကြိုးစက်ကွင်းမှ လွတ်ကင်းစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် မိုးရွာသွန်းမှုကြောင့် ရှေးဟောင်း အဆောက်အအုံအမှတ် (၁၆၅၇) ဗူးဘုရားစေတီတော်ကြီး မိုးကြိုးစက်ကွင်း ထိမှန်ခဲ့သဖြင့် အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ အလားတူ စက်တင်ဘာလတွင် အဆောက်အအုံအမှတ် (၉၄၇) ဓမ္မရာဇက စေတီတော်ကြီးအား မိုးကြိုး စက်ကွင်းထိမှန်ခဲ့မှုများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်းလက်ရာ ထူးခြားကျန်ရှိမှုအဆင့်နှင့် ဉာဏ်တော်မြင့်မားသည့် ဘုရား ၁၁ ဆူမှာ မိုးကြိုးစက်ကွင်းဒဏ်မှ ကြိုတင်ကာကွယ်ရန်အတွက် မိုးကြိုးလွှဲတပ်ဆင်ရန် လိုအပ်ကြောင်း စစ်ဆေးတွေရှိခဲ့ရ၍ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ မိုးကြိုးလွှဲ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသော ရွှေဆံတော်စေတီတော်သည်လည်း မိုးကြိုးလွှဲတပ်ဆင်မည့် ဘုရား ၁၁ ဆူတွင် ပါဝင်နေခြင်းကြောင့် မိုးကြိုးလွှဲများအား ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တပ်ဆင်နေခြင်းဖြစ်သည်။ မိုးကြိုးလွှဲအား ဘုရား၏ အပေါ်ဘက်ဆုံး ပန်းလယ်တိုင်၌ တွဲဖက်တပ်ဆင်ခြင်းဖြစ်ပြီး ၅၀ မီတာကြေးကြိုးကို အသုံးပြုထားရာ အဆိုပါ ကြေးကြိုးအား ဘုရားနှင့် လွတ်ကင်းရာတွင် အပ်ကြိုးအဖြစ် ထားရှိရမည်၍ ယခုကဲ့သို့ တူးဖော်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *