April 27, 2024

Written by Tha Doe

အသေးစားနျုးကလီးယားဓာတ်အားပေးစက်ရုံကို လာမည့်နှစ်ပိုင်းအတွင်း တည်ဆောက်နိုင်ရေးလုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ စီမံကိန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဥ်အတွင်း လုပ်ဆောင်ချက်မှဖြစ်ပြီး အဆိုပါ အခြေအနေအပေါ် ”ဒီခရီးစဥ်အတွင်းမှာတော့ Road Map ပေါ့။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီမှာတော့ နျုးကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရေး၊ ကဏ္ဍပေါင်းစုံ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးဆောင်ရွက်မှာဖြစ်တယ်။ ပထမဦးဆုံးလုပ်မှာက ကျွန်တော်တို့က အသေးစားနျုးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးကို လုပ်ဆောင်သွားမှာဖြစ်တယ်။ လုပ်ဆောင်နိုင်တဲ့ ခန့်မှန်းခြေကတော့ နှစ်ပိုင်းအတွင်းမှာပဲ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နျူးကလီးယားအား ငြိမ်းချမ်းစွာ အသုံးချမည်ဖြစ်ပြီး လုပ်ငန်းစဥ်များအဖြစ် အဏုမြူစွမ်းအင်နယ်ပယ်ဆိုင်ရာလေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် နျုးကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သော သဘောထားအမြင်များရရှိရေး ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှစ်ခုအား ၂၀၂၂ ခုနှစ် ဇူလိုင်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ စာချုပ်နှစ်ခုမှ ပြည်သူလူထု၏ အပြုသဘော ဆောင်သော သဘောထားအမြင်များ ရရှိရေး ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရန်အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အဏုမြူစွမ်းအင်ဦးစီးဌာနမှ နျုးကလီးယားနည်းပညာသတင်းအချက်အလက်စင်တာအား ရန်ကုန်မြို့တွင် ထူထောင်ရန် လုပ်ဆောင်မည်ဟု သိရသည်။

” အဓိက ကတော့ နျုးကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး လုပ်သွားမှာဖြစ်တယ်။ သို့သော် ဒီဟာကို ပြည်သူလူထုကို အသိမပေးဘဲ ကျွန်တော်တို့ လုပ်မှာ မဟုတ်ဘူး။ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့က ပြည်သူလူထုကို နျုးကလီးယားစွမ်းအင်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာအသုံးပြုရေး လုပ်ငန်းစဥ်တွေကို နားလည်မှုရှိရေး၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆောင်ရွက်မှာဖြစ်တယ်။ သတင်းအချက်အလက်စင်တာကို ရန်ကုန်မှာတည်ထောင်ဖို့အတွက် ကြံရွယ်ထားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *