MT News

Written by Tha Doe

SAC ၏ ယန္တရားအား လည်ပတ်အောင်ပြုလုပ်ပေးသူများဟု အမည်တပ်ကာ လုပ်ကြံသတ်ဖြတ်မှုများကြောင့် သေဆုံးရသူ လျှပ်စစ်စွမ်းအားဝန်ထမ်းများမှာ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးအပါအဝင် လျှပ်စစ်ဝန်ထမ်း ၁၉ ဦး သတ်ဖြတ်ခံထားရပြီး ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးအထိ ရှိလာနေပြီဖြစ်သည်။

ကျိုက်ထိုမြို့နယ်လျှပ်စစ်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာသည် နိုဝင်ဘာ ၂၉ ရက်က တာဝန်ထမ်းဆောင်နေစဥ် ကျိုက်ထိုမြို့၌ပင် လုပ်ကြံပစ်ခတ်ခံခဲ့ရသဖြင့် အပြစ်မဲ့နိုင်ငံဝန်ထမ်းတစ်ဦး ကွယ်လွန်ခဲ့ရသည်ဟုလည်း သိရသည်။

လုပ်ကြံသတ်ဖြတ်ခံရသူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှာ မိတ်ဆွေများက ကိုရှမ်းလေးဟုခေါ်ဆိုပြီး ရိုးသားရည်မွန်ကာ လုပ်ကြံသူ PDF များ စွပ်စွဲသကဲ့သို့မဟုတ်ကြောင်းလည်း သိရသည်။

“လုပ်ကြံတဲ့သူတွေက ကိုရှမ်းလေးဟာ မီတာခတွေတောင်းတယ်။ မပေးရင် မီးဖြတ်မယ်ခြိမ်းခြောက်လို့ သတ်ရတယ်ပေါ့။ တကယ်က ကိုရှမ်းလေးက သူ့သတ်မယ်ခြိမ်းခြောက်လို့ရှောင်နေတာကြာပြီ။ အဲဒီနေ့ကမှ ပြန်ရောက်လာတာ။ သူတာဝန်ကျတဲ့ဆီ သတင်းလာပို့တဲ့အချိန် ဆိုင်ကယ်စီးလာတဲ့နှစ်ယောက်က မသေချင်ရယ် ဖယ်လို့ ဘေးလူတွေပြောပြီး သူ့ပဲပစ်သတ်သွားတာ” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်များအပြင် နိုဝင်ဘာ ၂၈ ရက်တွင် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့(၁၃)မြို့ ဓာတ်အားပြတ်တောက်ခဲ့ခြင်းနှင့် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းရှိ (၂၀.၅၄)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင် စက်ရုံမှ ဝန်ထမ်းများအား ခြိမ်းခြောက် ငွေတောင်းခံခဲ့ပြီး ငွေပေးသွင်းခြင်းမရှိပါက အသက်အန္တရာယ်အား ခြိမ်းခြောက်ခဲ့သဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ထွက်ခွာခဲ့ရကာ ဓာတ်အားပေးစက်ရုံအား ရပ်တန့်ခဲ့ရပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့ရခြင်းစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

ထိုဖြစ်စဥ်များအပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံပစ်ခတ်မှုအနေဖြင့် (၂၄) ကြိမ်၊ ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက်ဖောက်ခွဲပစ်ခတ်ဖျက်ဆီးမှု (၂၀၉)ကြိမ်အပြင် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးခဲ့မှုများအနေဖြင့် မဟာဓာတ်အားလိုင်းတာဝါ (၄၈) တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း (၄၉)တိုင်တို့ကို အသီးသီး ဖျက်ဆီးဖောက်ခွဲခဲ့သဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၁၆၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကာ အချို့သောနေရာများတွင် ပြုပြင်ဆောင်ရွက်ခြင်း မပြုလုပ်နိုင်သေးသဖြင့် ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်မှုမရှိသည်များကို ကြုံတွေ့နေရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများမှ အသက်ပေးဆပ်ခြင်း(၁၉)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း (၅၆) ဦး ရှိခဲ့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သက်ဆိုင်ရာနယ်မြေများရှိ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်ပေးနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *