April 16, 2024

လုယက်ခံရသော Pro 7 ဖုန်းဆိုင်အား တွေ့ရစဥ်

၃၀. ၁၁. ၂၀၂၂
Written by Naing Thuta

ယနေ့မွန်းလွဲပိုင်းက Pro 7 Second ဖုန်းဆိုင်တစ်ဆိုင်အား လူ ၄ ဦးက သေနတ်ပြ၍ နေ့ခင်းကြောင်တောင် အနုကြမ်းစီးကာ ဖုန်းအလုံး ၃၀ လုယက်မှု မန္တလေးတွင် ထပ်မံဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၇၉လမ်းနှင့်လမ်း ၈၀ ကြား၊ လမ်း ၄၀ ပေါ်ရှိ Pro 7 second ဖုန်းဆိုင်အား နိုဝင်ဘာ ၃၀၊ ယနေ့ ၃ နာရီခွဲလောက်က အမည်မသိအမျိုးသားလူငယ် ၄ ဦးမှ သေနတ်ပြပြီး ဖုန်းအလုံး ၃၀ ကိုအနုကြမ်းစီးကာ လုယက်သွားကြောင်း သိရသည်။

“အခုညနေ ၃ နာရီခွဲလောက်က အမည်မသိ အမျိုးသားလူငယ် ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး ဆိုင်ထဲမှာရှိတဲ့ ဝန်ထမ်းတွေကို သေနတ်နဲ့ချိန်ပြီး မှောက်ခိုင်းထားတယ်။ သူတို့မှာပါလာတဲ့ ကျောပိုးအိတ်အနက်ရောင်ထဲက တူတစ်လက်ကိုထုတ်ပြီး မှန်ကောင်တာကိုရိုက်ခွဲလိုက်ကြတယ်။ ပြီးတော့ ကောင်တာထဲမှာရှိတဲ့ ဖုန်းအလုံး ၃၀ လောက်ကိုယူပြီး အိတ်ထဲထည့်ယူသွားတယ်။ သူတို့နှစ်ယောက်တစ်တွဲစီးလာတဲ့ဆိုင်ကယ်တွေက အနက်ရောင်စကိုဖီနဲ့ နက်ပြာရောင်ကလစ်ဘီးတွေပါ။ ပါသွားတဲ့ ဖုန်းတွေက သိန်း ၁၀၀ နီးပါးလောက်ရှိမယ်” ဟု Pro 7 second Mobile Mobile ဖုန်းဆိုင်မှတာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

လုယက်သူတို့သည် ၎င်းတို့စီးလာသော ဆိုင်ကယ် (၂)စီးဖြင့် လမ်း၄၀အတိုင်း အရှေ့ဘက်သို့မောင်းနှင်ပြီး သံလမ်းဘေးအတိုင်းမြောက်ဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

သက်ဆိုင်ရာအဖွဲ့များကလည်း အနုကြမ်းစီးသွားသူများကို ဖမ်းဆီးရမိရေးအတွက် ဆိုင်အတွင်းရှိ CCTV မှတ်တမ်းအား ကြည့်ရှုပြီး ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယခုလအတွင်း မန္တလေးမြို့ပေါ်တွင် မကြာခဏဆိုသလို အနုကြမ်းစီးမှုများဖြစ်ပွားလျှက်ရှိနေပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ နေ့ခင်းကြောင်တောင်ချိန်ကြီး၌ပင် ရှင်းမြတ်ဆောက်လုပ်ရေးကုမ္မဏီနေအိမ်အတွင်းအား ပစ္စည်းတန်ဖိုးငွေချေပေးမည်ဟုပြောဆိုပြီး သိန်း ၃၀၀ ကျော်နှင့် ဖုန်း (၂)လုံးအား အနုကြမ်းစီးမှု ပြည်ကြီးတံခွန်မြို့နယ်တွင်လည်း ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် နိုဝင်ဘာလ ၁၆ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်အတွင်းရှိ Sky Mobile ဖုန်းအပိုပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် ပစ္စတိုသေနတ်ဖြင့်ချိန်ကာ ကျပ် ၂၂ သိန်းကျော်ငွေများအားယူသွားသည့် အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီးနောက် ယခုတစ်ကြိမ် သေနတ်ပြကာ အနုကြမ်းစီမှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းအပြင် ပြီးခဲ့သည့်အောက်တိုဘာလထဲတွင်လည်း မန္တလေးမြို့ပေါ်ရှိ ဖုန်းဆိုင် ၂ ဆိုင်အား တစ်ရက်ထဲ အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး” Ni Ni “Second ဖုန်းရောင်းဝယ်ရေးဆိုင်တွင် တရားခံအားချက်ချင်းဖမ်းမိခဲ့သော်လည်း ” အောင်ဇေ” ဖုန်းရောင်းဝယ်ရေးဆိုင်တွင်မူ လူ ၉ ဦးမှ အနုကြမ်းဝင်စီးသောကြောင့် နှစ်သိန်းကျော်အထက်တန်ဖိုးရှိသော ဖုန်းအလုံးရေ ၁၀၅ လုံးခန့်နှင့် ငွေကောင်တာအတွင်းမှ ငွေ ၃၉ သိန်း၊ စုစေုပေါင်း တန်ဖိုး သိန်း ၇၀၀ ကျော် လုယက်ခ့ခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *