April 25, 2024

၃၀. ၁၁. ၂၀၂၂
Written by Nay Moe

ဗိုလ်တထောင်ဘုရားအနီးတွင် ယနေ့နံနက်က လူငယ်လေးဦးကို စစ်ဆေးရန်ခေါ်ယူစဥ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ လူငယ်လေးဦးနှင့် လက်လုပ်ဗုံးများ ဖမ်းမိခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီး လူကူးကုန်းကျော်တံတားအနားတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်အချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူငယ်လေးဦးကို ခေါ်ယူစစ်ဆေးရာ လူငယ်တစ်ဦးက ရန်ပြုတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီး၍ တစ်ဦးမှာ ဦးခေါင်းကျည်ထိဒဏ်ရာရပြီး ကျန်သုံးဦးနှင့် လက်လုပ်ဗုံးများ ဖမ်းမိခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ PDF များကို ထောက်ပို့လုပ်ကိုင်သတင်းဖြန့်နေသော Ground News Coverage က “ယနေ့ နိုဝင်ဘာ ၃၀ရက် မနက် ၁၁ နာရီခွဲအကျော်တွင် ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းပေါ်  ဗိုလ်တထောင်ဘုရားရှေ့ လူကူးတံတားနားတွင် ပစ်ခတ်သံ ၅ချက် ၆ ချက်ခန့် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှာ ထိုတံတားနားတွင် လူငယ်အချို့ ဖြတ်သန်းနေစဥ် လခရများက လူငယ် ၅ ဦးခန့်အား လက်နက်များရှိသည်ဟုဆိုကာ အတင်းဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးချိန် အနီးနားရှိ လူငယ်တစ်ဦးက ထွက်ပြေးမိရာ သေနတ်ဖြင့် ပစ်ခတ်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း” ဟုလည်း အသိပေးထားသည်။

ထိုဖြစ်စဥ်အပေါ် News of Myanmar ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရားအနီးတွင် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၁း၄၅ နာရီအချိန်၌ လှည့်ကင်းအဖွဲ့က မသင်္ကာသူလေးဦးကို စစ်ဆေးရန်ခေါ်ဆောင်စဉ် ပြန်လည်ရန်ပြုတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးရာတစ်ဦးကို ဒဏ်ရာ၊ သုံးဦးကိုအရှင်စုစုပေါင်းလေးဦးကို လက်လုပ်ဗုံးများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဗိုလ်တထောင်ဘုရားအနီး လူကူးကုန်းတံတားတွင် မသင်္ကာဖွယ်တွေ့သော လူငယ်လေးဦးကို စစ်ဆေးရန်ခေါ်စဉ် တစ်ဦးက ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဦးခေါင်းကျည်ထိဒဏ်ရာ (စိုးရိမ်ရ)ဖြင့် ဖမ်းဆီးရမိပြီး ကျန် ပီဒီအက်(ဖ်) သုံးဦး၊ စုစုပေါင်းလေးဦးကို ကီးပက်ဖုန်း၊ ဓာတ်ခဲတို့ ချိတ်ဆက်ထားသည့် ဖောက်ခွဲရန်အသင့်ပြင်ထားသော လက်လုပ်ဗုံးနှစ်လုံးနှင့်အတူ ဖမ်းဆီးရမိကြောင်းသိရသည်” ဟု ရေးသားဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News