NUG မှ ရောင်းချထားသောစီမံကိန်းမြေကွက်နေရာများနှင့် လက်ကျန်စာရင်း

၂၉. ၁၁. ၂၀၂၂
Written by Nay Moe

ရန်ကုန်နှင့် မန္တလေးမှ မြေများကို အွန်လိုင်းမှရောင်းချနေသည့် NUG က သယံဇာတစီမံအုပ်ချုပ်မှုမှ တော်လှန်ရေးအတွက် ဝင်ငွေရနေသည်ဟု NUG ၏ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့  (NAB-NR) ၏ (၆/၂၀၂၂) အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောသည်။

“တော်လှန်ရေး ၂ နှစ်နီးပါးကာလအတွင်းမှာ ပြည်သူ လူထု ထောက်ခံအားပေးမှုတွေကြောင့် တော်လှန်ရေးရေချိန် မြှင့်တင်လာနိုင်တာဖြစ်ပြီး နယ်မြေစိုးမိုးမှုအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူဗဟိုပြု သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်တာဖြစ်ပါတယ်။ သယံဇာတစီမံအုပ်ချုပ်မှုမှ တော်လှန်ရေးအတွက် ဝင်ငွေအထောက်အကူရလာခြင်းဟာ သယံဇာတလုပ်ငန်းများ ဆောင်ရွက်သူ ဓမ္မဘက်တော်သား တိုင်းပြည့်ရတနာလုပ်ငန်းရှင်များရဲ့ မိမိတို့တိုင်းပြည်အပေါ် စေတနာထားကာ တာဝန်သိစိတ်နှင့် ချစ်မြတ်နိုးစိတ်တို့ကို အထင်းသားမြင်တွေ့နိုင်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ကွပ်ကဲမှုဖြင့် သယံဇာတလုပ်ငန်း စီမံအုပ်ချုပ်သူ မြို့နယ်အဖွဲ့များနှင့် သယံဇာတလုပ်ငန်းဆောင်ရွက်သူ ပြည်သူတို့အကြား ဟန်ချက်ညီညီ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်လာနိုင်ကြ၍ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိလာခြင်းဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ဆက်ပြောသည်။

“စိုးမိုးနယ်မြေ တိုးချဲ့လာနိုင်တာနဲ့အမျှ သယံဇာတစီမံအုပ်ချုပ်ရေးနည်းလမ်းတွေနဲ့ နည်းပညာပံ့ပိုးမှုတွေကို သက်ဆိုင်ရာနယ်မြေအလိုက် ကူညီပံ့ပိုးပေးကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုးချဲ့စိုးမိုးနယ်မြေများအနေနဲ့ သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ကာ လုပ်ငန်းမြန်ဆန်သွက်လက်လာမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူကို လိုက်နာဆောင်ရွက်ရ လွယ်ကူပြီး တော်လှန်ရေးကာလနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေကို မြေပြင်အခြေအနေတွေပေါ်မူတည်ပြီး ညှိနှိုင်းတိုင်ပင်ချမှတ်ကြဖို့နဲ့ တော်လှန်ရေးကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖြည့်စွက်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု မန်းဝင်းခိုင်သန်းက ဆက်လက်ပြောသည်။

NUG အနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိမြေများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချမှုမှ ဒေါ်လာသန်းချီရရှိထားသည်ဟု ဆိုသည်။ သို့သော် ဝယ်ယူထားသူအနေဖြင့်မူ မိမိဝယ်ယူထားသည့်မြေကွက်ကို ရရှိမည်ဟု အာမခံချက်ပေးထားမှုမရှိဘဲ အစားထိုးမြေကွက် သို့မဟုတ် တန်ဖိုးတူမြေကွက်ကို တော်လှန်ရေးအောင်မြင်မှသာ ပေးအပ်မည်ဟုလည်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *