၂၉. ၁၁. ၂၀၂၂
Written by Pann Ei

ဟာဝိုင်အီရှိ Mauna Loa ဟုခေါ်သော ကမ္ဘာ့အကြီးဆုံး မီးတောင်သည် တနင်္လာနေ့ (နိုဝင်ဘာ ၂၈ ရက်) တွင် နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် မီးတောင်ပေါက်ကွဲခဲ့ပြီး ချော်ရည်များနှင့် ပြာများ ပေါက်ထွက်ခဲ့သည်။

ဟာဝိုင်အီကျွန်း၏ အနောက်ဘက်ကမ်းရိုးတန်းရှိ ကိုနာမြို့တွင် မီးတောင်ပေါက်ကွဲမှုကို ၇၂ ကီလိုမီတာအကွာမှ မြင်တွေ့ရနိုင်ကြောင်း အမေရိကန်ဘူမိဗေဒဌာန၏ လေ့လာဆန်းစစ်မှုအရ သိရသည်။

တနင်္ဂနွေနေ့ ညသန်းခေါင်မတိုင်မီက စတင်ခဲ့သည့် မီးတောင်ပေါက်ကွဲမှုသည် ကနဦးတွင် မီးတောင်ထိပ်ရှိ အဝိုက်နေရာအတွင်း တည်ရှိနေသော်လည်း ယနေ့မနက်တွင် ချော်ရည်များသည် ၎င်း၏ဘေးဘက် အက်ကွဲကြောင်းများမှ ထွက်လာနေပြီဖြစ်ကြောင်း ချော်ရည်ဗေဒ ကျွမ်းကျင်ပညာရှင်သူများက ပြောသည်။

မီးတောင်ပေါက်ကွဲမှုဇုန်အောက်ရှိ လူများကို လတ်တလောတွင် ထိခိုက်မှုမရှိစေနိုင်သေးကြောင်း အေဂျင်စီက ပြောကြားသော်လည်း မီးတောင်သည် ပေါက်ကွဲနေဆဲဖြစ်ကြောင်း၊ လေပြင်းများသည် မီးတောင်ပေါက်ကွဲမှုမှ ထွက်ရှိသော ဓာတ်ငွေ့များနှင့် ပြာမှုန်များကို ကုန်းအနိမ့်ပိုင်းသို့ သယ်ဆောင်သွားနိုင်ပြီး ထိုပြာများကြောင့် အသားအရည်နှင့် မျက်လုံးတို့ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

“၁၉၈၄ ခုနှစ်ကတည်းက မီးတောင် မပေါက်ကွဲသေးတဲ့ အန္တရာယ်ရှိတဲ့ တောင်ကြီးဖြစ်ပြီး သမိုင်းမှာ အရှည်ကြာဆုံး ပေါက်ကွဲခြင်း ရန့်တန့်နေမှုကြောင့် အားလုံးက စောင့်ကြည့်သင့်ပါတယ်” ဟု မီးတောင်ပညာရှင် Robin George Andrews က ပြောကြားခဲ့သည်။

သိုသော် အဆိုပါမီးတောင်ပေါက်ကွဲမှုမှာ လူပေါင်း ၄၄,၀၀၀ ခန့်နေထိုင်သည့် အရှေ့မြောက်ဘက်ရှိ Hilo မြို့အထိ ချော်ရည်စီးဆင်းမှုများ မရောက်ရှိနိုင်ကြောင်း Andrews က ခန့်မှန်းထားသည်။

ဟာဝိုင်အီကျွန်းများရှိ မီးတောင်ရှင် ခြောက်ခုအနက်မှ တစ်ခုဖြစ်သည့် Mauna Loa သည် ၁၈၄၃ ခုနှစ်မှစ၍ ၃၃ ကြိမ် ပေါက်ကွဲခဲ့သည်။

၎င်း၏နောက်ဆုံးမီးတောင်ပေါက်ကွဲမှုသည် ၁၉၈၄ ခုနှစ်တွင် ၂၂ ရက်ကြာမြင့်ခဲ့ပြီး Hiloမြို့၏ ၇ ကီလိုမီတာအကွာအဝေးအထိ ချော်ရည်များထွက်ရှိခဲ့သည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *