၂၉. ၁၁. ၂၀၂၂
Written by Nay Moe

နိုင်ငံအားလုံးမိတ်ဆွေမဖြစ်နိုင်သော်လည်း ရန်သူမဖြစ်အောင် လုပ်ဆောင်၍ရသည်ဟု NUG ၏ (၇၆) ကြိမ်မြောက် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“နိုင်ငံတကာအသိုင်းအဝန်းရဲ့ သဘောထားတွေဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ် အယောင်နဲ့လည်း ချိတ်ဆက်ထင်ဟပ်နေတယ်လို့ ယူဆပါတယ်။ လူထုအားကို နိုင်ငံတကာအသိုက်အဝန်းက အလွန်အကျွံ မငြင်းဆန်ဝံ့ပါဘူး။ ဒါကို သိနားလည်ပြီး ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထားကို ပူးတွဲချိတ်ဆက်ထားကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ သတိထားရမှာက နိုင်ငံတကာနိုင်ငံအားလုံးဟာ ကျွန်တော်တို့အတွက် အားလုံးမိတ်ဆွေတွေဖြစ်ဖို့ ခဲယဉ်းပေမယ့် သူတို့ကို ကျွန်တော်တို့နဲ့ ရန်သူတွေ မဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်”ဟု ဒူဝါလရှီးလက ပြောသည်။

NUG အနေဖြင့် အစိုးရအဖွဲ့အဖြစ် အသိအမှတ်ပြုခံရရန် ကမ္ဘာ့နိုင်ငံများအား တောင်းဆိုနေသကဲ့သို့ ကုလသမဂ္ဂတွင်လည်း ကြိုးစားနေသည်။ သို့သော် ကုလသမဂ္ဂက အသိအမှတ်ပြုမထားသေးသကဲ့သို့ မည်သည့်နိုင်ငံကမှလည်း အစိုးရအဖြစ် အသိအမှတ်ပြုမထားသေးသည့်အပြင် နယူးဇီလန်ကဲ့သို့ နိုင်ငံမျိုးက လက်မှတ်ငါးသိန်းကျော်ဖြင့် NUG အား အစိုးရအသိအမှတ်ပြုပေးရေးတောင်းဆိုမှုကို ပယ်ချထားသည်။

NUG အနေဖြင့် ပြည်တွင်းပြည်ပထောက်ခံမှုများနှင့် နိုင်ငံတကာအင်အား လိုက်လျောညီထွေဖြစ်ရေး ချိတ်ဆက်လုပ်ဆောင်ရမည်ဟုလည်း ဒူဝါလရှီးလက ဆက်လက်ပြောသည်။

“ကျွန်တော့်အနေနဲ့ကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ အင်အားကို ယုံကြည်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူလူထုရဲ့ အင်အားကိုလည်း လျော့မတွက်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာ နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူမရှုပါဘူး။ ဒါကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ နိုင်ငံရေး သဘောထားပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားဆိုတာ အတက်အကျ အနိမ့်အမြင့်တွေ ရှိနေတတ်ပါတယ်။ ပြည်သူလူထုရဲ့  သဘောထားကိုလည်း သိမြင်နားလည်အောင် လုပ်ရပါလိမ့်မယ်။ နိုင်ငံတကာရဲ့အားနဲ့ ပြည်တွင်းကအားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ NUG အဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *