MT News

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြိုနယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီးနေသူများ လဝကရုံးများသို့ သွားရောက်သတင်းပို့ဖြေရှင်းရန်၊ အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသောသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်ပြုလုပ်ရန်နှင့် အသက်အပိုင်းအခြားအတိုင်း ပြန်လည်လဲလှယ်ရန်၊အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာမြိုနယ်လဝကရုံးများတွင် သွားရောက်ပြင်ဆင်ရန်၊ နိုင်ငံသားစိစစ်ရေးကတ် (၁) ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်းမပြုရန်နှင့် ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် အမြန်သွားရောက်အပ်နှံရမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းပါမည်ဖြစ်ကာ အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (အမတ) ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်သို ပြောင်းလဲရမည်။ (ပြောင်းလဲခွင့်ရှိသူများသာ) နှင့် မိမိနိုင်ငံသားစိစစ်ရေးကတ်အား အခြားသူတစ်ဦးမှ ကိုင်ဆောင်ထားသည်ဟု သံသယရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် သွားရောက်သတင်းပို့ရန် အသိပေးထားသည်။

ထိုနည်းတူ အိမ်ထောင်စုပုံစံ ၆၆/ ၆ နှင့် ပတ်သက်၍လည်း ပုံစံ ၆၆/၆ နှင့် မှတ်ပုံတင်ကွဲလွဲနေပါက အမြန်ဆုံးပြင်ဆင်ရန်၊ ပျောက်ဆုံး၊ ပျက်စီးမှုများ သတင်းပို့ရန်၊ အိမ်ထောင်စုစာရင်းနှစ်ခုတွင် ပါဝင်နေသူများ သတင်းလာရောက်ပေးပို့ ဖြေရှင်းရန်၊ အိမ်ထောင်စုစာရင်း အဝင်အထွက်၊ ဖွား၊ သေ များ ပြောင်းလဲမှု သတင်းပို့ရန်နှင့် မည်သည့်ဒေသတွင်မျှ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ တွင် ပါဝင်မှုမရှိပါက ပန်းခင်းစီမံချက်အရ လဝက,က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *