၂၉. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

အပြည်ပြည်ဆိုင်ရာ ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ ၁၅ ကြိမ်တိုင်တိုင် ချန်ပီယံဆုဖလားကိုရရှိနိုင်ခဲ့တဲ့ အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်လက်ပြီး နိုင်ပွဲရရှိအောင်မကစားနိုင်တော့ဘူးလို့ ထင်မြင်ယူဆတဲ့အထိ ဂေါက်သီးလောကကို မစွန့်ခွာဘဲဆက်လက်ကစားသွားမှာဖြစ်တယ်လို့ နိုဝင်ဘာ ၂၈ ရက်က ပြောခဲ့ပါတယ်။

တိုက်ဂါးဝုဒ်က အဓိကကျတဲ့ နိုင်ငံတကာ ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ ၁၅ ကြိမ်တိုင်တိုင် ချန်ပီယံဆုဖလားကို ဆွတ်ခူးထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုကြောင့် ခြေကျင်းဝတ်မှာ ရရှိခဲ့တဲ့ဒဏ်ရာ ခွဲစိတ်ကုသခံခဲ့ရရာက အခုဆို နာကျင်မှု သက်သာလာခဲ့ပြီဖြစ်လို့ သူ့အနေနဲ့ ဂေါက်သီးလောကကို ပြန်လာတော့မှာ ဖြစ်တယ်လို့ တိုက်ဂါးဝုဒ်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ကားမတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ သူ့ ညာဖက်ခြေထောက်ရဲ့ အခြားနေရာတွေမှာတော့ ပြဿနာတွေ ရှိနေသေးတယ်လို့ သတင်းတွေကဆိုခဲ့ပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ တိုက်ဂါးဝုဒ် က “ကျွန်တော်က ဂေါက်သီးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရတာကို နှစ်သက်တယ်။ ကစားဖော်တွေကြား ရဲဘော်ရဲဘက်စိတ်ဓာတ်ကိုမြတ်နိုးတယ်။ ဒီတော့ ကျွန်တော် နောက်ကို ဘယ်ပွဲပြိုင်ပြိုင် မနိုင်နိုင်တော့ဘူးလို့ယူဆရတဲ့ အချိန်ရောက်လာမှသာ ဂေါက်သီးလောကကို စွန့်ခွာမှာပါ” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် တိုက်ဂါးဝုဒ်က ၂၀၂၄ ခုနှစ်အတွင်းမှာတော့ သူ့အနေနဲ့တစ်လကို ပြိုင်ပွဲတစ်ခုလောက် ပြိုင်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ပြောခဲ့ပါတယ်။ တိုက်ဂါးဝုဒ်က ဒီဇင်ဘာလမှာ သူက အိမ်ရှင်အဖြစ်ကျင်းပမယ့် Hero World Challenge ဂေါက်သီးပြိုင်ပွဲကို ဘဟားမားနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ဂေါက်သီးကစားသမား ၂၀ ကိုသာ ဖိတ်ကြားထားတာဖြစ်ပါတယ်။ ဒီပွဲက သူ့အတွက် နောက်နှစ် ဂေါက်သီးရာသီမှာပါဝင် ယှဉ်ပြိုင်ဖို့အစီအစဉ်ကို အဆုံးအဖြတ်ပေးရာမှာ ကူညီမှုပေးနိုင်မှာလို့လည်း တိုက်ဂါးဝုဒ်က ပြောခဲ့ပါတယ်။

Ref—–bbc

Leave a Reply

Your email address will not be published. Required fields are marked *