၂၉. ၁၁. ၂၀၂၃

Written By Thandar

တစ်ခေတ်တစ်ခါက အောင်မြင်မှုရရှိထားတဲ့ မောင်သိန်းဆိုင် ဝတ္ထုကို ပုံဖော်ထားတဲ့ “ရေနံ့သာခင်ခင်ကြီး” ဇာတ်လမ်းတွဲကို အသက် ၂၀ အရွယ်ထဲက စိတ်ကူးယဥ်ဖတ်ခဲ့ရပေမဲ့ အသက် ၄၅ နှစ်အရွယ်မှ ပုံဖော်ခွင့်ရခဲ့တယ်လို့ ရေနံ့သာခင်ခင်ကြီး နေရာမှာသရုပ်ဆောင်ထားတဲ့ အကယ်ဒမီစိုးမြတ်သူဇာက ဖွင့်ဟလာပါတယ်။

၁၉၄၀ ပြည့်နှစ်က အောင်မြင်မှုရရှိထားတဲ့ ဝတ္ထုကို အပိုင်း ၁၀၀ အထိ ပါဝင်မယ့် “ရေနံ့သာခင်ခင်ကြီး” ဇာတ်လမ်းတွဲကို ဒီနေ့ နိုဝင်ဘာ ၂၉ ရက် ည ၉ နာရီမှာ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ MRTV- 4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-29_15-26-55-736x1024.jpg

“တစ်ချိန်က အောင်မြင်မှုများစွာရရှိပြီးသား ဇာတ်လမ်းတွဲမှာ ခင်ခင်ကြီးနေရာက ပါဝင်ထားတယ်။ မကြီးစိုး အသက် ၂၀ ကျော်ကျော်လောက် စိတ်ကူးယဉ်ဖတ်ခဲ့တဲ့ ဝတ္ထုကို တအားလည်း ရိုက်ချင်ခဲ့တာပါ။ မကြီးစိုး အခု အသက် ၄၅ နှစ်ရောက်မှ ဒီဇာတ်လမ်းကို ရိုက်ခွင့်ရတာပါ။ ပထမဦးဆုံးပြောချင်တာ ရေနံ့သာခင်ခင်ကြီးနေရာကို ရိုက်ခွင့်ရလို့ အရမ်းကို ဂုဏ်ယူမိပါတယ်။ ကိုယ့်ကို ခင်ခင်ကြီး နေရာပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းကောင်း တစ်ခုရိုက်ခွင့်ရတယ်ဆိုတာ မကြီးစိုးအနေနဲ့ သိပ်လွယ်လှတာတော့ မဟုတ်ပါဘူး” လို့ အကယ်ဒမီ စိုးမြတ်သူဇာက MTNews Entertainment ကို ပြောပါတယ်။

ရေနံ့သာခင်ခင်ကြီး ဇာတ်ရုပ်ရဲ့ ငယ်ဘဝကို ဝေလာရီက သရုပ်ဆောင်ထားသလို အကြီးပိုင်း ဇာတ်ရုပ်မှာတော့ အကယ်ဒမီစိုးမြတ်သူဇာက ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ မောင်သိန်းဆိုင် ဝတ္ထုကို ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ အကယ်ဒမီ ဇော်မြင့်ဦးက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ ဟန်ထူးဈာန်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ ဝေလာရီ၊ ညီနန္ဒ၊ ဘုန်းလျှံ၊ မင်းသူ၊ ရှင်မွေလ၊ ဇွဲလရောင်၊ အင်ကြင်းထူး၊ Lucas၊ ဆုကဗျာ၊ ဆက်ယွန်းတွယ်တာ စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-29_15-26-33.jpg

“ ဒီကား ရိုက်ကူးချိန်မှာ အခက်အခဲတွေ အနှောင့်အယှက်တွေကတော့ အများကြီးပေါ့။ နှစ်တွေလည်း တော်တော်ကြာကြာရိုက်ရတော့လေ။ ဝေလာရီနဲ့ မကြီးစိုးတို့က အတူဆိုတော့ ရေနံ့သာ ခင်ခင်ကြီးနေရာကို နှစ်ယောက်လုပ်ရတာမို့ လက်ဆင့်ကမ်းပြိုင်ပွဲလေးလိုပါပဲ။ သပ်သပ်ဆီ သရုပ်ဆောင်ရပေမယ့် ဇာတ်လမ်းထဲမှာ အချိတ်အဆက်မိမှာပါ။ ဒီဇာတ်ကားရိုက်ကူးချိန်မှာ တောက်လျှောက်က နေမကောင်းဖြစ်နေတယ်။ မျက်နှာ Allergic ဖြစ်တယ်။ အဲဒီအချိန်က မျက်နှာမှာ မိတ်ကပ်လိမ်းလို့ မရတဲ့ သောကတော်တော် ဆိုးပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *