၂၉. ၁၁. ၂၀၂၃

Written by Pan Ei

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က စိုက်ခင်းတစ်ခုမှာ အင်္ဂါနေ့ (နိုဝင်ဘာ ၂၈ ရက်) ညနေပိုင်းမှာ အလုပ်သမားတွေက သီးပင်တွေရှင်သန်ကြီးထွားစေတဲ့ ဓာတုဆေးရည်တစ်ခုပြုလုပ်နေချိန် ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးနဲ့ ထိုင်းအလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိုင်းလူမျိုး အမျိုးသမီးတစ်ဦးနဲ့ မြန်မာနိုင်ငံက အမျိုးသမီးအလုပ်သမားတစ်ဦးတို့က အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ကြပြီး မြန်မာအမျိုးသားအလုပ်သမားတစ်ဦးက အင်္ဂါနေ့ ညနှောင်းပိုင်းမှာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အင်္ဂါနေ့ညနေပိုင်းက ဖရာအိုခရိုင် ဘန်ချိုင်းအမ်ဂမ်ရွာက လူတွေနေထိုင်ရာနေရာနဲ့ မီတာ ၅၀၀ လောက်အကွာမှာရှိတဲ့ သစ်သီးခြံအလယ်က သီးခြားတစ်ထပ်အဆောက်အအုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အလုပ်သမားတွေက သီးပင်ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်မယ့် ဓာတုဆေးရည်တစ်ခုအဖြစ် ယူရီးယား ၅၀ ကီလိုဂရမ်နဲ့ ပိုတက်စီယမ်ကလိုရိတ် ၇၅ ကီလိုဂရမ်ကို ရောစပ်နေကြတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဆောက်အအုံနဲ့ အနီးနားမှာ ရပ်ထားတဲ့ ယာဉ်နှစ်စီး ပျက်စီးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၁၉၉၉ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံ၊ ဆန်ပက်တွန်ခရိုင်မှာ အလားတူ ပိုတက်စီယမ်ကလိုရိတ် ပြင်းအားမြင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။

Ref, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News