၂၉. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသော ဂိုဏ်းများမှ လူသစ်စုဆောင်းနေခြင်းများကြောင့် ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးသွားရာတွင် သတိထားကြရန် ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတိပေးထားသည်။

ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနသည် မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံသားများအတွက် ခရီးသွားလာမှုကန့်သတ်ချက် Level 2 သတ် မှတ်ထားကြောင်း သိရသည်။

ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာန ကောင်မရှင်နာဖြစ်သူ Norman Tansingcoက ” မြန်မာနိုင်ငံကို သွားရောက်အလုပ်လုပ်ခွင့်ရရှိထားတဲ့ ပြည်ပရောက် ဖိလစ်ပိုင်နိုင်ငံသားတွေ လမ်းညွှန်ချက်များအတိုင်းလိုက်နာဖို့နဲ့ ဘေးကင်းတဲ့နေရာမှာ နေထိုင်ဖို့ လိုပါတယ်။ အွန်လိုင်းက တစ်ဆင့်လိမ်လည်မှုကျူးလွန်နေတဲ့ ဂိုဏ်းတွေထဲရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား လေးဦးကို မိခင်နိုင်ငံထံ ပြန်လည်ခေါ်ယူခဲ့ပါတယ်”ဟု ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-29_16-38-21-1024x641.jpg

အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားလေးဦးသည် မြန်မာနိုင်ငံသို့ တရားဝင် သွားရောက်အလုပ်လုပ်ခွင့် ဗီဇာ မရှိသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်နေထိုင်ချိန်အတွင်း ပြည်ပရောက်အလုပ်သမားရေးရာဌာနတွင်လည်း မှတ်ပုံတင်စာရင်း မရှိသူများဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ ဖိလစ်ပိုင်နိုင်ငံသား လေးဦးသည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်သော ဂိုဏ်းများ၏ ဖြားယောင်းခေါ်ယူခံရပြီးနောက် မြန်မာနိုင်ငံသို့ခရီးသွားဗီဇာဖြင့်သွားရောက်ခဲ့သူများဖြစ်ပြီး နောက်ပိုင်းတွင် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုကျူးလွန်နေသော ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရကြောင်း ပြောသည်။ အဆိုပါ ဖိလစ်ပိုင်နိုင်ငံသားလေးဦးအနက် နှစ်ဦးက Facebook တွင်တင်ထားသည့် လူသစ်ခေါ်စာကို လက်ခံရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင်တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့နိုင်ငံသားများကို မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ခရီးသွားရာတွင် သတိထားရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးသည်။ မြန်မာအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းတွင် လောက်ကိုင်မြို့ရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသူများလက်ထဲတွင် ပိတ်မိနေသည့် နိုင်ငံခြားသားများကို ပြန်လည်ကယ်တင်ခဲ့ပြီးနောက် မိခင်နိုင်ငံသို့ ပြန်ပို့ပေးခဲ့ရာ ထိုင်းနိုင်ငံသား ၃၀၀ ကျော် ပြန်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်၊ မလေးရှားနိုင်ငံသားများကိုလည်း ပြန်ပို့ရန် စီစဉ်နေသည်ဟု သိရသည်။

Ref; .philstar

Leave a Reply

Your email address will not be published. Required fields are marked *