၂၉. ၁၁. ၂၀၂၃
Written by Pan Ei

လာမယ့် ဒီဇင်ဘာ ၂ ရက်ကစပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပသွားမယ့် Mobile Legends Bang Bang (MLBB) ရဲ့ World Championship M5 ပွဲစဉ်ကြီးမှာ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့ အနိုင်ရရှိထားတဲ့ Burmese Ghouls အသင်းရဲ့ အသင်းသားတချို့ဟာ ပတ်စ်ပိုစ့် အခက်အခဲရှိနေခဲ့တာကြောင့် မနေ့ကအထိ Burmese Ghouls အသင်းဟာ ပြိုင်ပွဲကြီးနဲ့ လွဲချော်ဖို့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ဒီနေ့မနက်မှာတော့ M5 မှာ ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကနေ အောင်မြင်စွာနဲ့ ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Burmese Ghouls ရဲ့ တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာမှာ M5 World Championship ယှဥ်ပြိုင်ဖို့ စုံညီစွာခရီးဆက်နေကြပြီဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက တခြားသော နာမည်ကြီး MLBB ကစားသမားတွေ၊ Caster တွေနဲ့ ပရိသတ်တွေက အားပေးစကား အမြောက်အမြားနဲ့အတူ မှတ်ချက်ပေးခဲ့ကြပါတယ်။

အခက်အခဲများစွာကို ကျော်လွှားသွားခဲ့ရတဲ့ မြန်မာကိုယ်စားပြုအသင်း Burmese Ghouls က အုပ်စု C မှာ ဖိလစ်ပိုင်အသင်း AP Bren၊ စင်ကာပူအသင်း Flash နဲ့ Wlid card ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ မွန်ဂိုလီးယားအသင်း Lilgun နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာကိုယ်စားပြုအသင်း Burmese Ghouls အနေနဲ့ အုပ်စုပွဲစဉ် ပထမနေ့ရဲ့ ပထမပွဲစဉ်မှာ M2 တုန်းက ဖိုင်နယ်မှာ တွေ့ခဲ့ရတဲ့ AP Bren အသင်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်သွားရမှာပဲဖြစ်တာကြောင့် Burmese Ghouls အသင်းရဲ့ မျိုးဆက်သစ် အသင်းသားတွေအနေနဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာကို ပရိသတ်တွေနဲ့ အထူးစောင့်မျှော်နေကြတာလည်းဖြစ်ပါတယ်။ အုပ်စုပွဲစဉ် ဒုတိယနေ့နဲ့ စတုတ္ထနေ့တွေမှာလည်း မြန်မာအသင်းအနေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

မြန်မာ့ MLBB Esports သမိုင်းတစ်လျှောက် အမြင့်မားဆုံး အဆင့်ဖြစ်ခဲ့တဲ့ M2 မှာ Final ထိ တက်လှမ်းနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၂ နေရာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ Burmese Ghouls အသင်းဟာ အခု M5 မှာလည်း အသင်းသားတွေ မတူတော့ပေမဲ့ ဘယ်လိုစွမ်းဆောင်ရည်တွေ ထုတ်ပြနိုင်မလဲဆိုကတော့ မြန်မာနိုင်ငံက ပရိသတ်တွေတင်မကဘဲ နိုင်ငံတကာက ပရိသတ်တွေကပါ စောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *