October 22, 2024

၂၁. ၁၁. ၂၀၂၃
Written by Treasure

ဒီနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ၂၀‌၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် မြန်မာအသင်းနဲ့ မြောက်ကိုရီးယားအသင်းပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ မြောက်ကိုရီးယားအသင်းနဲ့ တွေ့ဆုံတိုင်းမှာ ရလဒ်မကောင်းခဲ့မှုကို ချိုးဖျက်သွားမယ်လို့ မြန်မာအသင်းရဲ့နည်းပြချုပ် မိုက်ကယ်က ပြောကြားခဲ့ပါတယ်။

“ဂျပန်နဲ့ကစားအပြီး အပြည့်အဝအနားယူပြီးနောက် လေ့ကျင့်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားကို ဂျပန်နဲ့ပွဲကလိုမျိုးမဟုတ်ဘဲ မတူညီတဲ့ ပုံစံနဲ့ ကစားသွားမှာ ဖြစ်ပါတယ်။ ဂျပန်အသင်းမှာ ကမ္ဘာ့အဆင့် ကစား သမားတွေပါဝင်နေလို့ ခံစစ်ကိုပဲ ဦးစားပေး ကစားခဲ့တာပါ။ အုပ်စုတွင်းမှာ ပါဝင်တဲ့ မြောက်ကိုရီးယား၊ ဆီးရီးယားတို့ဟာ ဂျပန်အသင်းနဲ့ ကွဲပြားခြားနားပါတယ်။ မြောက်ကိုရီးယား အသင်းကြီးရဲ့ ခြေစွမ်းကို သိပ်မသိပေမယ့် အာရှအားကစားပြိုင်ပွဲမှာ ကစားသွားတဲ့ ယူ ၂၄ အသင်းခြေစွမ်းက ကောင်းမွန်တာ တွေ့ရပါတယ်။ အဲဒီ အသင်းက ကစားသမား ၄ ဦးလောက် အခုအသင်းမှာ ပါဝင်လာပါတယ်။ ဆီးရီးယားနဲ့ကစားခဲ့တဲ့ မြောက်ကိုရီးယားအသင်း ခြေစွမ်းကို သေချာလေ့လာထားပါတယ်။ ကျွန်တော်တို့ မြောက်ကိုရီးယားနဲ့တွေ့တဲ့အခါတိုင်း သရေတောင် မကစားနိုင်ခဲပေမယ့် အခုပွဲမှာတော့ အမှတ်ရအောင် ကစားသွားပါမယ်။ မြန်မာဘောလုံး ပရိသတ်တွေ မကာအိုနဲ့ ကစားခဲ့တဲ့ ပွဲကလိုမျိုး ကွင်းအတွင်း လာရောက်အားပေးကြဖို့ ပြောကြားလိုပါတယ်”လို့ နည်းပြချုပ်မိုက်ကယ်က ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-21_11-01-29-822x1024.jpg

မြောက်ကိုရီးယားအသင်းရဲ့ နည်းပြချုပ် ဆောင်ယောင်နန်းကတော့ မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အဝေးကွင်းပွဲစဉ်နဲ့ ပက်သက်ပြီး “မြန်မာနဲ့ကစားမယ့် ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ပွဲရလဒ်က ဘာဖြစ်မလဲဆိုတာ ကစားတဲ့အခါမှ သိရမှာ ဖြစ်ပါတယ်။ ဒီခြေစစ်ပွဲစဉ် အဆင့်မှာ အရမ်းကောင်းတဲ့ အသင်း ၊ အရမ်းညံ့တဲ့ အသင်းမျိုးမရှိပါဘူး။ မြန်မာအသင်းနဲ့ပွဲမှာ အကောင်းဆုံးရလဒ်ရဖို့ကစားသွားပါမယ်။ မြန်မာရော မြောက်ကိုရီးယားပါ ပွဲဦးထွက်ပွဲတွေမှာ ရှုံးထားလို့ အခုပွဲက နှစ်သင်းစလုံးအတွက် အရေးကြီးပြီး ကျွန်တော်တို့ကတော့ အမှတ်ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီက ရာသီဥတုက အနည်းငယ်ပူပေမယ့် အခက်အခဲရှိနေမှာ မဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

မြန်မာအသင်းနဲ့ မြောက်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ၂၀‌၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ဒုတိယပွဲစဉ်ကို ဒီနေ့ ညနေ ၄ နာရီ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး MRTV၊ MRTV-Sportနဲ့ Sky Net Sports Channel တွေကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *