December 11, 2023

၂၁. ၁၁. ၂၀၂၃
Written by Nay Moe

ဆိပ်ဖြူနှင့် ပေါက်မြို့နယ်တွင် PDF များထောင်ထားသည့် မိုင်းပေါက်၍ လူလေးဦးသေဆုံးမှု နိုဝင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ နိုဝင်ဘာ ၁၈ ရက် ည ၆ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ နံ့သာကျေးရွာနေ မခင်သန်းမွန်သည် ဆိပ်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နေ ကိုဇော်လင်း(ခ) အေးကြီး (၄၇)နှစ် မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ နံ့သာကျေးရွာသို့ ဆိပ်ဖြူ-လက်ဆည်-ရွှေဘိုကျွန်း-ပေါက်ကားလမ်းအတိုင်း ထွက်ခွာလာစဉ် ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာနှင့် ကျောက်ကြီးကျေးရွာကြားအရောက် PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ၎င်းတို့ နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ည ၆ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ နေသူများဖြစ်သည့် ဦးကျော်ရင် (၄၂)နှစ် နှင့် ဦးမြတ်စိုးမင်း (၄၃)နှစ်တို့သည် ၎င်းတို့၏ယာခင်းသို့ ခြေလျင်သွားရောက်စဉ် ကန်နီကျေးရွာ၏အရှေ့မြောက်ဘက် ကျေးရွာချင်းဆက်လမ်းပေါ်သို့ အရောက်တွင် PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပဋိပက္ခများဖြစ်ပွားပြီး နေရာအနှံ့ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့ ၆၀၀ အထက် ပေါ်ပေါ​က်လာချိန် လက်နက်ကိုင်များက မိမိပိုင်နက်ကိုယ်ကာကွယ်ရန် နေရာအနှံ့မြေမြှုပ်မိုင်း ထောင်လာသောကြောင့် ၂၀၂၃ ပထမသုံးလပတ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၁၅၃ ကြိမ်ဖြစ်ပွားကာ ၃၀၂ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ထက် သေဆုံးဒဏ်ရာရမှု ၇၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကို လေ့လာစောင့်ကြည့်သော (ERW) အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *