၂၁. ၁၁. ၂၀၂၃
Written by Peya

သတ်မှတ်ရက်ထက် တိုးမြှင့် စောင့်ဆိုင်းပေးခဲ့သော်လည်း သတ်မှတ်ပါတီဝင်အင်အား မစည်းရုံးနိုင်သည့်အတွက် ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်ခွင့် ပြုထားခြင်းကို ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက MT News သတင်းဌာနကို ပြောသည်။

ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ တစ်နေရာ အနိုင်ရခဲ့ကာ နောက် ၂၀၁၂ ခုနှစ်တွင် ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်မရခဲ့ကြောင်း အချက် အလက်များအရ သိရသည်။

အဆိုပါ ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုသည့် မေလ ၃၀ ရက်မှ ဩဂုတ်လ ၂၇ ရက်အထိ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင်ကို ဥပဒေ သတ်မှတ်ချက်အတိုင်း စည်းရုံမှု မပြုနိုင်ခြင်းဖြစ်ပြီး သတ်မှတ်အင်အားစာရင်း မတင်ပြနိုင်သည့်အတွက် နိုဝင်ဘာလ ၂၀ ရက်က ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းက ပယ်ဖျက်ပြီး ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း စည်းရုံးမယ့် ပါတီဆိုရင် ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင် ဦးရေ တစ်ထောင်ကို စည်းရုံးရမှာ။ ရက်ပေါင်း ၉၀ အတွင်း သူတို့ တင်တာကိုက သတ်မှတ်ပါတီဝင် အင်အား မပြည့်ဘူး။ မပြည့်တဲ့အပြင်ကို ပါတီဝင်အင်အားကို သူတို့အတွက် ဆိုပြီး ရက်ပြည့်တဲ့အပြင်ကို အောက်တိုဘာ ၃၁ ရက်အထိ ရက်တိုးပေးလိုက်တယ်။ ဒါလည်း မပြည့်ဘူး။ မှတ်ပုံတင်ဥပဒေ ပုဒ်မ အရ ပယ်ဖျက်ရတဲ့သဘောပါ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ပါတီ၏ တာဝန်ရှိသူများထံ MT News သတင်းဌာနက ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

Leave a Reply

Your email address will not be published. Required fields are marked *