၃၁. ၁၀. ၂၀၂၃
Written By Treasure

နိုဝင်ဘာ ပထမအပတ်အတွင်း ဘားအံ့မြို့မှာ ကျင်းပသွားမယ့် ကရင်ပြည်နယ်နေ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာရိုးရာလက်ဝှေ့လောကရဲ့ အတိုးတက်ဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ကျော်စွာဝင်းနဲ့ မြန်မာပြည် ရိုးရာလက်ဝှေ့ ချန်ပီယံ သွေးသစ်ဝင်းလှိုင်တို့ ယှဉ်ပြိုင်ထိုးသတ်မယ်လို့ သိရပါတယ်။

ကျော်စွာဝင်းဟာ လက်ရှိအချိန်မှာတော့ ရိုးရာလက်ဝှေ့လောကရဲ့ အတိုးတက်ဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရိုးရာကစားသမားတစ်ဦးဖြစ်သလို သြဂုတ်လက ကျင်းပခဲ့တဲ့ MLWC-8 ပြိုင်ပွဲမှာ ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ အဗတ်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ငါးချီပြီးဆုံးတဲ့အထိ အရှုံးအနိုင်မပေါ်ခဲ့ဘဲ သရေကျခဲ့သလို ပြီးခဲ့တဲ့ မတ်လမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ထိုင်းနိုင်ငံသား မွေထိုင်းလက်ဝှေ့သမား ဖာမီချိုင်းကို ပထမအချီမှာ အလဲထိုး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ထွန်းထွန်းမင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ TGL-3 ပြိုင်ပွဲမှာ ထွန်းထွန်းမင်းကို အမှတ်ပေးစနစ်နဲ့ အနိုင်ယူပြီး မြန်မာပြည် ရိုးရာလက်ဝှေ့ ချန်ပီယံဘွဲ့ကို ရရှိခဲ့တဲ့ သွေးသစ်ဝင်းလှိုင်ဟာ မတ်လကနေစတင်ပြီး မွေထိုင်းကစားသမားတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေကျခဲ့သလို ထွန်းထွန်းမင်းနဲ့ ထပ်ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ MLWC-8 ပြိုင်ပွဲမှာလည်း သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

နိုဝင်ဘာလ ပထမအပတ်အတွင်း ယှဉ်ပြိုင်ထိုးသတ်ကျမယ့် သွေးသစ်ဝင်းလှိုင်နဲ့ ကျော်စွာဝင်းတို့ တွေ့ဆုံမှုဟာ မြန်မာ့ရိုးရာလက်ဝှေ့သမိုင်းမှာ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သလို ရိုးရာလက်ဝှေ့ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *