၃၁. ၁၀. ၂၀၂၃
Written by Nay Aung

တရုတ်နိုင်ငံအနေဖြင့် တရုတ်နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်တွင် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းမှုများအပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဌဖြစ်သူ Zhang Youxia က မြန်မာကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တရုတ်နိုင်ငံတွင် အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိကျင်းပမည့် Xiangshan Forum ဖိုရမ်ကို တက်ရောက်ချိန်အတွင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Zhang Youxia နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံအခြစိုက် CCTV ရုပ်သံသတင်း၌ ဖော်ပြထားသည်။ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းခဲ့သောအဆိုပါဖိုရမ်ကို နိုင်ငံပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

This image has an empty alt attribute; its file name is photo_2023-10-31_14-32-44.jpg

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သော ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၊ တအာန်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့သည် မြန်မာအစိုးရစစ်စခန်းများကို အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်းနှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်စေရန်၊ နယ်စပ်ဒေသတွင် နှစ်နိုင်ငံတပ်မတော်ကြားအပြန်အလှန်ယုံကြည်မှု နှင့် အပြန်လှန်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးတို့ကိုအဓိထားဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဖြစ်သူက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်နေသူထောင်ချီမှာ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေရှိနေကြောင်း သိရသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ဒေသခံရာချီသည် တရုတ်နိုင်ငံဘက်ခြမ်းသို့ထွက်ပြေးခဲ့ရသလို အချို့ဒေသခံများသည် ဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင်နေရကြောင်း သိရသည်။

Ref; CCTV

Leave a Reply

Your email address will not be published. Required fields are marked *

Related News