၃၁. ၁၀. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ထိုင်းအမျိုးသမီးတစ်ဦးဆီကနေ ဘတ် ၆၅၀၀၀ တန် ရွှေဆွဲကြိုးကို ဓားပြတိုက်လုယက်မှုနဲ့ မြန်မာအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိ ထိုင်းအမျိုးသားတစ်ဦးက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် နံနက်အစောပိုင်း ၄ နာရီလောက်က အမျိုးသမီးတစ်ဦးဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို ဓားပြတိုက်ယူ ထွက်ပြေးသွားတာခံရတယ်လို့ ချင်းမိုင်ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တာဖြစ်ပြီး ဖြစ်စဥ်က ချင်းမိုင်ခရိုင် ဝိန်းပင်လမ်းရှိ ဆောက်လုပ်ရေး စက်ပစ္စည်းဆိုင် အပြင်ဘက်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာ အနီးနားမှာရှိတဲ့ လုံခြုံရေးကင်မရာတွေကို စစ်ဆေးခဲ့ရာ ဓားပြတိုက်လုယက်သူဟာ အသက် ၂၀ အရွယ် မြန်မာလူမျိုး Geum ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး Geum ကို ချိုင်ဒိုအာခရိုင်ရှိ ရဲစစ်ဆေးရေးဂိတ်ကို သူ ဆိုင်ကယ်စီးလာချိန်မှာ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Geum ဟာ ချင်းမိုင်က ကလပ်တစ်ခုမှာ ဖျော်ဖြေရေးသမားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သူ့ရဲ့လစာဟာ နေ့စဉ်စရိတ်တွေကို ကာမိဖို့ မလုံလောက်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ အဲ့ဒါကြောင့်သူဟာ အခင်းဖြစ်ပွားတဲ့နေ့မှာ သူ ဆိုင်ကယ်စီးလာရာ ဝိန်းပင်လမ်းတစ်လျှောက်မှာ ရွှေဆွဲကြိုး ဝတ်ဆင်ထားသူကို တွေ့ခဲ့ပြီး ဓားပြတိုက်လုယက်ခဲ့ကာ သူ့အိမ်တည်ရှိရာ မယ်အိုက်ခရိုင်က ရွှေဆိုင်တစ်ဆိုင်မှာ ရောင်းချခဲ့တယ်လို့ သူက ထွက်ဆိုခဲ့ပါတယ်။

Geum ဟာ ညအချိန်မှာ ပြစ်မှုကျူးလွန်ကာ ဖမ်းဆီးခံရတာကနေ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်စေဖို့အတွက် ယာဉ်အသုံးပြုခြင်းနဲ့ စွဲချက်တင်ခံထားရပြီး ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်ကြားနဲ့ ဒဏ်ငွေ ဘတ် ၂၀၀၀၀ ကနေ ၁၀၀၀၀၀ ကြား ကျခံရနိုင်ဖွယ်ရှိနေပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *

Related News