၃၁.၁၀.၂၀၂၃.
Translated by Htwe Ko Tun

ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူဖြစ်စေ ဒါမှမဟုတ် သားဖြစ်သူဖြစ်စေ ဒါမှမဟုတ် မြေးဖြစ်သူဖြစ်စေ ဒါမှမဟုတ် အစ်ကိုမောင်၊ တူ စတဲ့ မိသားစုဝင်တစ်ဦးဦးကဖြစ်စေ စစ်မှုထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်ရောက်နေလို့ ပူပင်သောကဖြစ်နေကြရတဲ့ မိခင်တွေ၊ အဖွားတွေ၊ ဇနီးတွေ၊ အဒေါ်တွေ စတာကို မရေမတွက်နိုင်အောင် ကြုံဖူးကြမှာပါ။ ဒါပေမယ့် အစ္စရေးနိုင်ငံက မိခင်ကြီးတစ်ယောက်လို မိသားစုအတွင်းမှ ၁၄ ဦးက စစ်မှုထမ်းတွေအဖြစ်တာဝန်ထမ်းဆောင်နေကြမှုကိုတော့ အတော့်ကိုတွေ့ခဲပါလိမ့်မယ်။

အမည်ရဲ့ ပထမစာလုံးတွေကို ရူတီလို့ သိရတဲ့ အဆိုပါအမျိုးသမီးကြီးက သားသမီး ၁၂ ဦးရှိပါတယ်။ ဒီထဲမှာ သားခြောက်ယောက်က အခုဆိုရင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) ရဲ့ တပ်ဖွဲ့ဝင်တွေပါ။ ဒါ့အပြင် ရူတီရဲ့ သမက် လေးဦးကလည်း IDF တပ်ဖွဲ့ဝင်တွေအဖြစ် ရှေ့တန်းတွေမှာပါပဲ။ သူတို့သာမက မြေးသုံးဦးကလည်း အစ္စရေးစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကာ ဘရာဇီးလ်ကပြန်လာတဲ့တူ တစ်ယောက်ကပါ အလားတူ စစ်မှုထမ်းနေပါသေးတယ်။

ဒီလိုဖြစ်ရတာကလည်းအစ္စရေးနိုင်ငံရဲ့စစ်မှုထမ်းဥပဒေအရ အစ္စရေး-ဟားမားစ် ပဋိပက္ခလို နိုင်ငံကိုကျူးကျော်လာသူတွေရှိချိန်မှာ အစ္စရေးနိုင်ငံသားတိုင်းက နိုင်ငံကိုကာကွယ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တွေအဖြစ် ဝင်ရောက်စစ်မှုထမ်းကြတာမို့လိုပါပဲ။

သားတွေ၊ သမက်တွေ၊ မြေးတွေအတွက် ပူပင်သောကဖြစ်ရပေမယ့် ရူတီက “ကျွန်မကလေးတွေကို ကျွန်မယုံကြည်အားထားတယ်။ သူတို့တွေမှာ ကောင်းမွန်တဲ့အတွေးအခေါ်တွေရှိကြတယ်။ ဒါကြောင့်လည်း လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာက တိုင်းပြည်အတွက် ဖြည့်ဆည်းပေးကြတာပဲ။ ကျွန်မ သူတို့အားလုံးကို အဝေးကနေပဲ ပွေ့ဖက်ထားလိုက်ချင်ပါတယ်” လို့‌ပြောခဲ့ပါတယ်။

ဒါ့ပြင် ရူတီက “ကျွန်မတို့ဟာ မှန်ကန်တဲ့လုပ်ဆောင်ချက်ကို လုပ်နေတာပါ။ ကျွန်မတို့အနေနဲ့ကတော့ သူတို့တွေကိုထောက်ခံသွားဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။

Ref—-The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *